ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၃ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက် -ကလိန်အောင် သွားလမ်းမ ပေါ်တွင် မေလ ၃၁ ရက် နံနက် ၆ နာရီခန့်က ကင်းလှည့်စဉ် မိုင်းဆွဲခံရ၍ သေဆုံးသွားသည့် မောရဝတီ ရေတပ်က စစ်ကောင်စီတပ်သား နှစ်ဦးကို ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် အုန်းပင်ကွင်းရွာ သုသာန်၌ အမိန့်ပြန် မသာချခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။
သေဆုံးသွားသည့် စစ်သားနှစ်ဦးသည် မောရဝတီ ရေတပ်ဌာနချုပ် အမှတ် (၄၃) အုပ်ချုပ်ရေးတပ်မှ အသက် ၃၅ နှစ်အရွယ် ကားမောင်းသမား တပ်ကြပ် ကျော်သက်နိုင် နှင့် အမှတ် (၄၆) တပ် မှ အသက် ၃၈ နှစ် အရွယ် ဒုတပ်ကြပ် ဇော်လင်းထွန်း တို့ ဖြစ်ကြောင်း သိရသည်။
“သေတာက ကားမောင်းသမားလည်းသေသွားတယ်။အနောက် ခန်းမှာထိုင်တဲ့ အထဲက တစ်ယောက်လည်းသေတယ်။ ရေတပ်စစ်ဆေးရုံမှာ အလောင်းနှစ်လောင်း စလုံးကို ခွဲစိတ်ပြီး စစ်ဆေးတယ်။ မနေ့က နှစ်လောင်း စလုံးကိုမသာချတာပါ။ ဘယ်သူ့ကို မှ ဓာတ်ပုံ ရိုက်ခွင့်မပေးဘူး။ သူတို့ စစ်တပ်ထဲက စစ်သား နှစ်ဦးကိုပဲ့ ဓာတ်ပုံရိုက်ခွင့် ပေးတယ်။ အမိန့်စာ ပြန်တာတောင် အကြမ်းဖက် PDF လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်လို့ပြန်တယ်”ဟု အုန်းပင်ကွင်းရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရ မှုကြောင့် စစ်ကားတစ်စီးထိခိုက်ပျက်စီးပြီး ဒဏ်ရာရရှိသူ သုံး ဦး ရှိကာ လက်ရှိ တွင် မောရဝတီ ရေတပ်ဆေးရုံတွင် နှစ် ဦးဆေးကုသမှုခံယူနေရပြီး အပြင်းအထန်ဒဏ်ရာရှိသူတစ်ဦးကို ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံသို့ အရေး ပေါ်ပို့ဆောင်ထားရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ၊ အုန်းပင်ကွင်း သုသာန်
#တနင်္သာရီတိုင်း #မောရဝတီရေတပ် #စစ်ကောင်စီတပ်သား #မိုင်းဆွဲခံရ #မသာချ #Photo_News #Ayeyarwaddy_Times