ဧရာဝတီတိုင်းမ်
ဇွန်လ ၃ ရက်
ရန်ကုန်မြို့ ပုဇွန်တောင် မီးရထား စက်ခေါင်းစက်ရုံ စက်ရုံမှူး ဦးမြင့်ဦးက CDM လိုင်းခန်းတွေကို အဓမ္မ သိမ်းယူပြီး စစ်ကောင်စီခန့် ဝန်ထမ်း အသစ်များထံ ပြန်ရောင်းစားနေကြောင်း သတင်း ရရှိသည်။
အဆိုပါ လူနေလိုင်းခန်းများကို အထက်အမိန့်ကြောင့်ဟု ဆိုကာ စစ်ကောင်စီခန့် Non-CDM ဝန်ထမ်း အသစ်များအား တစ်ခန်းလျှင် ကျပ် ၅ သိန်းဖြင့် (၅,၀၀၀၀၀) ရောင်းစားခြင်း ဖြစ်ကြောင်း မီးရထား ဝန်ထမ်းများက ပြောသည်။
ပုဇွန်တောင် Non-CDM မီးရထား ဝန်ထမ်း တစ်ဦးက“စက်ရုံအတွင်းမှာ ဖိအားအပေးခံရလို့ အလုပ်ပြန်ဆင်းရတဲ့ ဝန်ထမ်း ၂၀ ကျော်ကိုလည်း မတရားခိုင်းစေပြီး အနိုင်ကျင့် ဗိုလ်ကျနေတဲ့ အုပ်စုပါ။ မီးရထား ဝန်းထဲက သစ်ပင်တွေ၊ သံထည်တွေ ကိုလည်း ထုတ်ရောင်း၊ စစ်တပ် အားကိုးနဲ့ဆိုတော့ လုပ်ချင်တိုင်း လုပ်နေတာ၊ ဘယ်သူမှလည်း မပြောရဲကြဘူး”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ထို့ပြင် စက်ခေါင်း စက်ရုံမှူး ဦးမြင့်ဦးသည် CDM ဝန်ထမ်းများကို အလုပ်ပြန်ဆင်းကြောင်း လိမ်လည် စာရင်းတင်ကာ စစ်ကောင်စီ ထံက ၎င်းတို့၏ လုပ်ခလစာများကိုလည်း ထုတ်ယူလျက် ရှိကြောင်း ပုဇွန်တောင် မီးရထား စက်ခေါင်း စက်ရုံနှင့် နီးစပ်သူများကလည်း ပြောဆိုကြသည်။
လက်ရှိတွင် ပုဇွန်တောင် စက်ခေါင်းစက်ရုံမှ စက်ရုံမှူး AME ဦးမြင့်ဦးနှင့်အတူ ၎င်းနှင့် အပေါင်းအပါ Non-CDM ဝန်ထမ်း ၅ ဦးကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် နာမည်ပျက် စာရင်း (Black list) သွင်းထားကြောင်းလည်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ Non-CDM ဇွန်တောင် မီးရထား စက်ခေါင်း စက်ရုံမှူး ဦးမြင့်ဦးနှင့်အတူ ဦးမျိုးသိန်း (အလုပ်ရုံစိတ်မှူး)၊ ဒေါ်စန်းစန်းထွေး (အလုပ်ရုံစိတ်မှူး – ဂိုဒေါင်မှူး စတို တာဝန်ခံ)၊ ဒေါ်တင်တင်လေး (အကြီးတန်းစာရေး)၊ ဦးအောင်သူ (အလုပ်ကြပ်) ၅ ဦး တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း သံထည်ပစ္စည်းနှင့် သစ်ပင်များ ကို ရောင်းစားခဲ့ကြောင်း မီးရထား ဝန်ထမ်းများက ပြောသည်။
မီးရထား စက်ခေါင်း စက်ရုံမှူး ဦးမြင့်ဦးနှင့် ၎င်း၏တပည့်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့က သံထည် ပစ္စည်းများအား ကားဖြင့် သယ်ထုတ်နေသည်ကို သတင်း ရရှိ၍ ပုဇွန်တောင် အမှတ် (၅) ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဖမ်းဆီးခဲ့သော်လည်း ယနေ့အချိန်ထိ အရေးယူခံရခြင်း မရှိသေးကြောင်းလည်း သိရသည်။
#ရန်ကုန်ပုဇွန်တောင် #မီးရထား #စက်ခေါင်းစက်ရုံမှူးက #CDMလိုင်းခန်းတွေကို #အဓမ္မသိမ်းယူပြီး #စစ်ကောင်စီခန့် ဝန်ထမ်း #အသစ်များထံပြန်ရောင်းစားနေ
#Ayeyarwaddy_Times