ဧရာ၀တီတိုင်းမ်
‌ဇွန်လ ၃ ရက်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြို့မရဲစခန်း ယမန်နေ့ ဇွန်လ ၂ ရက်နေ့ ညပိုင်းက ဗုံးသီးများ၊ လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၁ ရပ်ကွက်၊ ပဲခူးမြစ်လမ်းရှိ မြို့မရဲစခန်းကို မော်တော်ယာဉ်တစ်စီးပေါ်မှ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ရဲစခန်းထဲတည့်တည့်ကျတာ။ ပေါက်ကွဲသံတွေက နှစ်ချက်လောက်ရှိတယ်။ ပြီးတော့ သေနတ်ပစ်ခတ်သံတွေရောပဲ။ အထဲကရဲတပ်သားတစ်ယောက်နဲ့ ရဲတပ်ကြပ် တစ်ယောက်စိုး ရိမ်ရတယ်ကြားတယ်။ ပစ်ခတ်သံတွေတိတ်သွားတော့ လူနာတင် ကားတွေ၀င်သွားတယ်” ဟု ရဲစခန်းအနီးတွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စခန်းတွင် တာ၀န်ကျနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်အောင်မြင့်နှင့် ရဲတပ်သားသိန်းလင်းအောင်တို့မှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ရဲစခန်းနှင့်နီး စပ်သူတစ်ဦးထံက သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့မှလုပ်ဆောင်ခြင်းဖြစ်သည်ကိုမူ မသိရှိရသေးသလို ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က အသေးစိတ်အတည်ပြုထားခြင်း မရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ် ရေး၀န်ကြီးဌာန(MOD)သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ရန်ကုန်တိုင်းစစ်ဒေသခွဲ့၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း ၅၁၀၁ ကို စတင်ဖွဲ့စည်းခဲ့သည်။

ယင်းသို့ဖွဲ့စည်းပြီးနောက် ဇွန်လ ၁ ရက်နေ့ညပိုင်းအချိန်တွင် မင်္ဂလာဒုံမြို့မရဲစခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြို့မရဲစခန်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပုံစာ- ဒဂုံဆိပ်ကမ်းမြို့နယ်မြို့မရဲစခန်း

#ရန်ကုန် #ဒဂုံဆိပ်ကမ်းမြို့နယ် #ရဲစခန်း #၄၀မမ #ပစ်ခတ်ခံရ #Ayeyarwaddy_Times