ဧရာဝတီတိုင်းမ်
ဇွန်လ ၃ ရက်

မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသခံတွေထံ အကူအညီ အနည်းငယ်သာ ရောက်ရှိပြီး တောင် သူတွေက သီးနှံတွေ မစိုက်ပျိုးနိုင်ရင် မြန်မာနိုင်ငံဟာ မကြာမီ စားနပ်ရိက္ခာ အကျပ်အတည်းတစ်ရပ် ကြုံတွေ့ရ နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

“မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုက ကြောက်မတ်ဖွယ်ရာဖြစ်ပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ နှစ် ၁၀၀ သက်တမ်းရှိ သစ်ပင်တွေတောင် အမြစ်လန်ထွက်ကုန်ပါတယ်” လို့ ကု လသမဂ္ဂ ဌာနေကိုယ်စားလှယ် တီတန်မီထရာက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ၇၀၀၀၀၀ ကျော် ပျက်စီးကာ လူပေါင်း ရာချီ သေဆုံးခဲ့ပြီး စိုက်ပျိုးရေးနဲ့ ငါးဖမ်းဆီးရေးနယ်ပယ်တွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

မုန်တိုင်းဒဏ်အခံရဆုံးမှာ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုစစ်ဆင်ရေးကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း ပြွတ်သိပ်ကျပ်နေတဲ့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီက မုန်တိုင်းဘေးသင့်ပြည်သူတွေကို အကူအညီအချို့ ထောက်ပံ့ပေးခဲ့ပေမယ့် အကူအ ညီတွေ ထပ်မံ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းကို မုန်တိုင်းဘေးသင့်ပြည်သူတွေထံ သွားရောက်ခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါ ဟာ အရေးတကြီး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့မှုက မလုံလောက်ပါဘူး” လို့ မီထရာက ဆိုပါတယ်။

တောင်သူတွေနဲ့ ငါးတွေကို ဈေးများသို့ ပို့ဆောင်ရာမှာ အသုံးပြုတဲ့ လမ်းမကြီးတွေနဲ့ တံတားတွေ ရေနဲ့ မျောပါသွားခဲ့သလို မျိုးစေ့တွေ ဆုံးရှုံးခဲ့တာကြောင့် ငတ်မွတ်မှုဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ သူက ပြောပါ တယ်။

“လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း သီးနှံတွေ မစိုက်ပျိုးနိုင်ရင် လာမယ့် လအနည်းငယ်အတွင်း စားနပ်ရိက္ခာအကျပ်အတည်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်” လို့ ဂျီနီဗာမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မီထရာကသတင်းထောက်တွေကို ပြောပါတယ်။

“ထိရောက်တဲ့ တုံ့ပြန်မှုတစ်ခု မပြုလုပ်နိုင်ရင် စားနပ်ရိက္ခာရရှိနိုင်မှုက ကြီးမားတဲ့ပြဿနာတွေ ဖြစ်လာပါ လိမ့်မယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူ ၁ ဒသမ ၆ သန်းဟာ အကူအညီတွေ လိုအပ်နေ တယ်လို့ မီထရာက ထောက်ပြပါတယ်။

ကိုးကား – AP
Ref; UN warns of aid shortage, looming food crisis in wake of devastating cyclone that hit Myanmar

#Ayeyarwaddy_Times