ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၃ ရက်
တနင်္သာရီတိုင်း ထားဝယ်မြို့အတွင်းရှိ လုံခြုံရေး တင်းကျပ်ထားသည့် ဝန်ကြီးများ အိမ်ရာကို လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က လက်နက်ကြီးများနှင့် ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်ကြောင်း သိရသည်။
မေလ ၃၁ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်ခန့်က ဝန်ကြီးအိမ်ရာနှင့် ကမြောကင်း တံတားအနီး ကင်းပုန်း ဝပ်နေသည့် စစ်ကောင်စီ တပ်သားများကို ၈၁ မမ လက်နက်ကြီး ၉ လုံးနှင့် ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ကလည်း ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်သည်။
ဒေသခံ တစ်ဦးကလည်း“ပေါက်ကွဲတဲ့ အသံက တော်တော်ကျယ်တယ်။ အနီးအနားမှာ လာကွဲသလိုပဲ။ အသံကြီးတောင် ဟိန်းထွက်သွားတာပဲ”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားများ သေဆုံးမှုများနှင့် ထိခိုက် ဒဏ်ရာရသူများ ရှိသော်လည်း အတိအကျ အခြေအနေကိုတော့ စုံစမ်းဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
မေလ ၃၁ ရက် ညနေပိုင်းကလည်း ထားဝယ်-ရန်ကုန် အဝေးပြေးလမ်းပေါ် ကလိန်အောင် ဘက်ကနေ ရေဖြူ ဘက်ကို ဆင်းလာသည့် ကား ၅ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ကလိန်အောင်မြို့ နှင့် ရေဖြူမြို့ကြားရှိ လမ်းပိုင်း တစ်နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့် ထိခိုက်သေဆုံးမှု ရှိကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၁ ရက် နေ့တွင် သတင်း ထုတ်ပြန်ထားသေးသည်။
မေလ ၃၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်အချိန်က ကလိန်အောင်မြို့မှ ရေဖြူမြို့သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီ ယာဉ်တန်းကို မိုင် ၃၀ တံတားထိပ် အနီးတွင် ထားဝယ် ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့၏ စစ်ကြောင်းမှူး Cobra နှင့် ဒုစစ်ကြောင်းမှူး ဒေါင်းယံတို့ ဦးဆောင်သော ပူးပေါင်း မဟာမိတ်စစ်ကြောင်း တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေလ ၂၄ ရက်နေ့ကစပြီး ထားဝယ်မြို့မှ သုံးမိုင်ခန့်အကွာ လောင်းလုံး မြို့နယ်ရှိ သဲပုံတောင်ပေါ်တွင် စစ်ကောင်စီ တပ်က စခန်းသစ် တည်ဆောက်နေကြကြောင်း၊ စခန်းသစ် တည်ဆောက်နေစဉ်အတွင်း တစ်ခါတစ်ရံ လက်နက်ကြီး လက်နက်ငယ် များဖြင့် တောင်အောက်သို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောကြားထားသည်။
#ထားဝယ်မြို့ #ဝန်ကြီးများအိမ်ရာကို #လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ် #လက်နက်ကြီး #ပစ်ခတ်တိုက်ခိုက်
#Ayeyarwaddy_Times