ဧရာဝတီတိုင်းမ်
ဇွန်လ ၃ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် အမှတ်(၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးသူရိန်သည် ရှေ့တန်းမှထွက်ပြေးစဉ် စစ်ကောင်စီမှ ပြန်လည်ဖမ်းဆီးကာ မေလ ၃၁ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှုများကိုပါ ပိတ်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဒုတိယဗိုလ်မှူးကြီးသူရိန်သည် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ကရင်နီ၊ ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မ (၆၆) လက်အောက်ခံ ခလရ-၁ တပ်ရင်းမှ ဗိုလ်ကြီးမင်းခန့်ကျော်နှင့် စစ်သား လေးဦးသေဆုံးသည်ကို မြင်တွေ့ပြီးနောက် ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ၎င်းကို မေလ ၂၈ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“တပ်ရင်းမှူးသူရိန်က အခုမှထွက်ပြေးတာမဟုတ်ဘူး။ သူက သာယာဝတီဇာတိ။ ရှေ့နှစ်ကလည်း ဒုတပ်ရင်းမှူးရာထူးနဲ့ ကရင်နီမှာပဲ။ တိုက်ပွဲမှာ ကျတာတွေ များတော့ သူ့အကိုဝမ်းကွဲ ဗိုလ်မှူးကြည်မျိုးလွင် ကနေတစ်ဆင့် CDMလုပ်ဖို့ NUGကို ဆက်သွယ် လာသေးတယ်။ ခံယူချက်ထက်ကြောက်လို့ပေါ့။ ကျွန်တော်တို့ဘက်က ကယ်ထုတ်ဖို့ လုပ်ပေးပေမယ့် သူရိန်က သူရောက်နေတဲ့နေရာကို မပြောနိုင်တော့ မခေါ်လိုက်ရဘူး။ အဲ့ဒီထဲကနေ သူ့ကို ဗျူဟာမှူးနှစ်ယောက်ကစောင့်ကြည့်နေတာဆိုပြီးပြောတယ်” ဟု သာယာဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ခလရ-၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်ကို သေဒဏ်ချမှတ်ပြီး ပိုင်ဆိုင်မှုများသိမ်းယူမည်ဟုဆိုသောကြောင့် ၎င်း၏ညီအကို တစ်ဝမ်းကွဲတော်စပ်သူ ဗိုလ်မှူးကြည်မျိုးလွင်သည် တပ်ရင်းမှူးသူရိန်၏ အိမ်တွင်းပစ္စည်းများ၊ ကားစသည့် ပိုင်ဆိုင်မှုမျာအား ကြို့ပင်ကောက်ရှိ တပ်ရင်းမှူးသူရိန်၏ညီဖြစ်သူ ကိုသီဟဆိုသူထံ ပြောင်းရွှေ့ ပို့ဆောင် ပေးထားကြောင်း သိရသည်။
ယခုအခါ ဒုတိယဗိုလ်မှူးကြီးသူရိန်အား ကရင်နီစစ်ဒေသတွင် ထိန်းသိမ်းထားပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဝင့်နှင်းဖြူအား ဒကစ(ပြည်)၊ မင်းကြီးတောင်သို့ ဖမ်းဆီးပို့ဆောင် ထားကြောင်း သိရသည်။
“တပ်ရင်းမှူးရဲ့မိန်းမကလည်း တိုက်ပွဲမှာသေသွားတဲ့ တပ်သားတွေရတဲ့ မြေတွေကို သူတို့မိန်းမတွေဆီကနေ မတန်တဆဈေးနဲ့ ခေါင်းပုံဖြတ်ဝယ်ပြီး စစ်သားမိန်းမတွေကို တပ်ကနေ မောင်းထုတ်တယ်။ စစ်တပ်ထဲမှာ မနေချင်လို့ ထွက်ပြေးသွားတဲ့သူ တွေရဲ့ လစာတွေကိုလဲ ခုထိ ထုတ်စားနေတယ်လို့ သိရတယ်။နောက် သူ့မိန်းမက သစ်လုပ်ငန်း လည်းလုပ်နေတယ်လို့သိရတယ်”ဟု သာယာဝတီ(ပကဖ)တာဝန်ရှိသူက ဧရာ၀တီတိုင်းမ် ကို ပြောသည်။
တပ်ရင်းမှူးသူရိန်အားCDMဝင်ရန်ဆက်သွယ်ပေးသူ၊ ပစ္စည်းများကိုပြောင်းရွှေ့ပေးနေသူ မှာ သာယာဝတီမြို့နယ်အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်၊ အမှတ်(၁၀၁၀) လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြည်မျိုးလွင်ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြည်မျိုးလွင်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ဦးဆောင်ဖမ်းဆီး နေသူ ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကလည်း သာယာဝတီမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးအား ၎င်းမှဦးဆောင်ဖျက်ဆီးခဲ့သည်။
“သာယာဝတီမြို့နယ်ထဲမှာ မဘသခေါင်းဆောင်တွေဆိုလည်း ဒုဗိုလ်မှူးကြီးသူရိန်တို့ အမျိုးပဲ၊ ကြံဖွံ့(ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)အမတ်ဝင်ပြိုင်တဲ့သူဆိုလည်းသူတို့ပဲ၊ စစ်တပ်ကဆိုလည်း သူတို့ပဲ”ဟု သာယာ၀တီ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ သေဒဏ်ပေးခြင်းခံရသည့် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသူရိန်သည် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကယားပြည်နယ်ငွေတောင်တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ခလရ-၁ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးကျော်ဇေယျ၏နေရာကို နေပြည်တော်တိုင်းစစ်ဌာနမှ နေ၍ ၂၀၂၂ ဇန်နဝါရီလတွင်း ရာထူးတိုးပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ -စစ်ခေါင်းဆောင်များ၊ အမှတ်(၁)ခြေလျင်တပ်ရင်း
#သာယာဝတီ #စစ်ကောင်စီတပ် #သေဆုံးမှုများ #ထွက်ပြေး #ခလရ၁ #တပ်ရင်းမှူး #ဒုဗိုလ်မှူးကြီးသူရိန် #သေဒဏ် #Ayeyarwaddy_Times