နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၂ ရက်
တရုတ်အစိုးရ၏ ကြားဝင်ညှိနှိင်းပေးမှုအရ အာဏာသိမ်း စစ်ကောင်စီနှင့် ရက္ခိုင့် တပ်တော် (AA)အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားတွင် တွေ့ဆုံ ဆွေးနွေးရာ မည်သည့်သဘောတူညီချက်မှ မရရှိဘဲ တွေ့ဆုံမှု ဒုတိယနေ့ ယနေ့ ဇွန်လ ၂ ရက်တွင် ဆွေးနွေးပွဲ ရပ်ဆိုင်းသွားကြောင်း ၎င်းတိုနှင့် နီးစပ်သူတစ်ဦး ထံကသိရသည်။
စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်မှ ၃ ရက် အထိ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲများက ထုတ်ပြန်ခဲ့သည်။
“အဓိကကတော့ ဘာသဘောတူညီချက်မှ မရဘဲ နဲ့ ပြီးဆုံးသွားတယ်လိုပဲ သိရပါတယ်။ နှစ်ဖက်ကလည်း အခုထုတ်ပြန်တာ မရှိတဲ့အတွက်ကြောင့်မို့အတည်ပြုလိုတော့ မရဘူးပေါ့။ ဒါပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ သဘောတူညီချက် တစ်ခုမှမရဘဲနဲ့ ပြီးဆုံးသွားတယ်လိုပဲ ကျွန်တော်တို့ သိရပါတယ်” ဟု မြောက်ပိုင်းအဖွဲ့များနှင့် နီးစပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ စစ်ကောင်စီက ယနေ့ ဇွန်လ ၂ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ရာ ပထမနေ့က မပြီးပြတ်သေးသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး ညှိနှိုင်းကြပြီး နှစ်ဖက်အဆင်ပြေမည့်အချိန်မှသာ ပြန်လည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု ပထမနေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဘက်မှ ဖမ်းဆီး ထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စနှင့် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးအဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီ၏ NSPNC ဘက်မူ မြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်နိုင်ရေးကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီ၏ ဆွေးနွေးအပေါ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဘက်မှ ပြန်လည် ဆွေးနွေးမည် မဟုတ်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၏ ပြောရေးခွင့်ရှိသူ ဦးခိုင်သုခက RFA ကို ဖြေကြားထားသည်။
မိုင်းလားတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲတို့သည် ၃ ရက်တာ ဆွေးနွေး မည်ဟု စီစဉ်ထားသော်လည်း ၂ ရက်မြောက်ဆွေးနွေးပွဲတွင် မည်သည့် သဘောတူညီချက်မှ ရရှိခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကောင်စီ၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားတွင် တွေ့ဆုံမှု
#မိုင်းလား #စစ်ကောင်စီ #မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ #တွေ့ဆုံဆွေးနွေးမှု #ရပ်ဆိုင်း #Ayeyarwaddy_Times