နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်) /ဇွန်လ၂ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်ရှိ လမ်းဆုံ လမ်းခွများတွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို ဖမ်ဆီးစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဆီးခံရသည့် လူနှင့်ဆိုင်ကယ်များကိုပါ ၎င်းတို့နှင့်အတူတွဲကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးနေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယခင်က ဆိုင်ကယ်များကို ဖမ်းဆီး၍ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ရာမှ ယနေ့ ဇွန်လ၂ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးစစ်ဆေးခံရသည့် လူနဲ့ဆိုင်ကယ်ကိုပါ စစ်ကောင်စီ တပ်သားများနှင့် တွဲပြီး ဓာတ်ပုံရိုက်ယူနေခြင်း ဖြစ်သည်။
“ဒီမနက်ပဲ မအူပင်မြို့ မြို့ရှောင်လမ်း ရေလည်းလမ်းနဲ့ ဖျာပုံ ကျိုတ်လတ် သွားတဲ့ လမ်းလေးခွဆုံမှာ သူတို့ဖမ်းဆီးထားတဲ့ ဆိုင်ကယ်၊ လူတွေနဲ့ စစ်ကောင်တပ်သားတွေကို ဓာတ်ပုံတွေ ရိုက်ပြီးမှတ်တမ်းယူနေတာတွေ့ခဲ့ရတယ်” ဟု ကျိုတ်လတ်မြို့ကနေ၍ မအူပင်မြို့သို့ ဈေးဝယ်လာသည့် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် စစ်ကောင်စီရဲ သတင်းပေး ဒလန်များ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူစစ်ဆိုသူများသည် ဒေသခံပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးတောင်းယူမှုများ ရှိနေကြောင်း သိရသည်။
“ဆိုင်ကယ်ဖမ်းပြီးဒဏ်ငွေရိုက်တာ ကတော့ကြာပြီ။ နောက် လမ်းဆုံလမ်းခွတွေမှာ ဖမ်းဆီးစစ်ဆေးတာမဟုတ်တော့ပဲ မြို့ထဲကို ကားနဲ့ပတ်ပြီးဖမ်းဆီးငွေတောင်းတာ တွေလုပ်နေကြတာ။ အခုထပ်တိုးလာတာက ဖမ်းဆီးခံရတဲ့ လူနဲ့ဆိုင်ကယ်ကို စစ်ကောင်စီတပ်သားတွေနဲ့တွဲပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်တာ” ဟု မျက်မြင်တွေရှိသူ အမျိုးသား တစ်ဦးက ပြောသည်။
#မအူပင်မြို့ #စစ်ကောင်စီတပ် #ဆိုင်ကယ်များ #ဖမ်းဆီးစစ်ဆေး #ဓာတ်ပုံရိုက် #Ayeyarwaddy_Times