ဧရာ၀တီတိုင်းမ်
ဇွန်လ ၂ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာ နေရာကို ယမန်နေ့ ဇွန်လ ၁ ရက်နေ့ နေလယ်ပိုင်းတွင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းချရာနေရာသို့ ယမန်နေ့ နေ့လယ် ၁၂နာရီ ၅၀ မိနစ်ခန့်က ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၄၀-မမ ဗုံးပစ်လောင်ချာများ ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KRF ထံက သိရသည်။

“မနေ့က မုပ္ပလင်လမ်းဆုံဂိတ်နားက ရန်သူ(စစ်ကောင်စီတပ်)စခန်းချတဲ့နေရာကို ဒရုန်း၊ ၄၀ -မမ‌ဗုံးပစ်လောင်ချာတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ရန်သူဘက်က သုံး ယောက်သေပြီး ဒဏ်ရာရသူများတယ်လို့ သိရတယ်။ တိုက်ခိုက်မှုကြောင့် သူတို့စခန်းချနေတဲ့ အဆောက်အဦလည်း အမိုးလန်ပြီး ပျက်စီးသွားတယ်။ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့ ဘက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူး” ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် Nighthawks ဒရုန်းအဖွဲ့သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို KRF၊ KNU/KNLA၊ Nighthawks ဒရုန်းအဖွဲ့ နှင့် ကျိုက်ထိုပကဖ တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် မုပ္ပလင်လမ်းဆုံဂိတ်သည် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်စပ်ပေးထားသော စစ်တောင်းမြစ်ကူးတံတား၏ မွန်ပြည်နယ်ဘက် အခြမ်းတွင်တည်ရှိပြီး စစ်ကောင်စီ၏ ဌာနပေါင်းစုံပါဝင်သော စစ်ဆေးရေးဂိတ်တစ်ခု ဖြစ်သည်။

ယခုတိုက်ခိုက်မှုတွင်ပါဝင်သည့် KRF အဖွဲ့အနေဖြင့် ပြည်သူများအပေါ် ထိခိုက်နစ်နာစေမည့် ဖောက်ခွဲမှု ၊ ပစ်ခတ်မှုများ လုံး၀ လုပ်ဆောင်ခြင်မရှိဘဲ စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီဒေါက်တိုင်များကို ဆက်လက်ချေမှုန်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ- ရှေ့တန်းတစ်နေရာမှ KRF နှင့် Nighthawks အဖွဲ့ဝင်များ

#မွန်ပြည်နယ် #မုပ္ပလင်လမ်းဆုံဂိတ်အနီး #စစ်ကောင်စီတပ်စခန်း #ဒရုန်း #ဗုံးသီးချတိုက်ခိုက် #KRF #Ayeyarwaddy_Times