ဧရာဝတီတိုင်းမ်
ဇွန်လ ၂ ရက်

ဧရာဝတီတိုင်း ၊ ကျုံပျော်မြို့ရှိ စစ်ကောင်စီဂိတ်စခန်းများတွင် ခရီးသွားအမျိုးသားများကို တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်သားများသည် ကျုံပျော် တံတားဂိတ်၊ မြို့ဝင်ဂိတ်များတွင် အမျိုးသားများ ၏ဝတ်စားဆင်ယင်ပုံကိုကြည့်ကာ ဖုန်း၊ လွယ်အိပ်နှင့် ပိုက်ဆံအိပ်များကို ရှာဖွေ စစ်ဆေးလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“မြို့ထဲမှာ အရမ်းအစစ်ဆေးကြမ်းတော့ သိပ်ပြီးမထွက်ကြတော့ဘူး။ စျေးတက်ဝယ်တာ လောက်ပဲရှိတယ်။ အပြင် ထွက်တဲ့သူကြတော့လည်း ဝတ်ပုံစားပုံကြည့်ပြီး အရမ်း စစ်ဆေးတယ်။ သူတို့အမြင်ကပ်ရင် ဘာမှမလုပ်လည်း PDF နဲ့ပတ်သက်လားဆိုပြီး စစ်ဆေးတယ်။ တချို့အဖမ်းခံရတာတွေရှိတယ်” ဟု ကျုံပျော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ စစ်ဆေးခြင်းခံရသည့် အမျိုးသားအများစုသည် ကျုံပျော် မြို့ပေါ်သို့ စျေးတက်ဝယ်သည့် အမျိုးသားများနှင့် ဒေသတွင်း ခရီးသွားသည့် ကျုံပျော်နယ်သားများဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့ပြင် ရေကြည်သံလမ်းကုန်း မြို့အဝင်ဆိုင်းပုဒ် တွင်လည်း စစ်ကောင်စီတပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် စစ်ကောင်စီသတင်းပေးများမှ အုပ်စုဖွဲ့ကာ ဂိတ်ချ၍ ခရီးသွားများကို ရှာဖွေစစ်ဆေးမှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

#ကျုံပျော် #စစ်ကောင်စီဂိတ် #ဝတ်စားဆင်ယင် #တင်းတင်းကျပ်ကျပ်စစ်ဆေး #အမျိုးသား #Ayeyarwaddy_Times