ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၂ ရက်
ထားဝယ်-ရန်ကုန်အဝေးပြေးလမ်းပေါ် ကလိန်အောင် ဘက်ကနေ ရေဖြူ ဘက်ကိုဆင်းလာသည့် ကား ငါး စီးပါ စစ်ကောင်စီယာဉ်တန်းကို ကလိန်အောင်မြို့ နှင့် ရေဖြူမြို့ကြားရှိ လမ်းပိုင်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မေလ ၃၁ ရက် ညနေ ၄နာရီ ၄၅ မိနစ်ခန့်အချိန်က ကလိန်အောင်မြို့မှ ရေဖြူမြို့သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို မိုင် ၃၀ တံတားထိပ်အနီးတွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ စစ်ကြောင်းမှူး Cobra နှင့် ဒုစစ်ကြောင်းမှူး ဒေါင်းယံ တို့ဦးဆောင်သော ပူးပေါင်းမဟာမိတ်စစ်ကြောင်း တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“စစ်ကား က အားလုံး ငါးစီးပါ။ဖောကားက လေးစီး နဲ့ ဟွန်ဒါဖစ် က တစ်စီးပါ။အင်အား က တစ်ရာကျော်လောက်ပါတယ်။အဲဒီယာဉ်တန်းကို ကျနော်တို့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ယာဉ်တန်းမှာပါတဲ့ စစ်ကားတစ်စီး က ရေတိုင်ကီကျည်ထိမှန်ခဲ့ပြီး အဲနေရာမှာပဲ့ ထိုးရပ်သွားခဲ့တယ်။သူတို့ဖက်က သေဆုံး သူများပြားခဲ့တယ်” ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) က ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယင်း ယာဉ်တန်းပစ်ခတ်တိုက်ခိုက်ချိန်တွင် နှစ်ဖက်အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ် ဝန်းကျင်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀ ဦးဝန်းကျင်ခန့်နှင့် ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့ကြောင်း ၄င်းကပြောဆိုသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများကို ဟိုက်ဂျက်ကား သုံးစီး အရေးပေါ်ကား နှစ်စီးဖြင့် တင်ဆောင်သွားကြောင်း မြင်တွေ့ခဲ့ရသူ တစ်ဦးကပြောသည်။
ယခုပစ်ခတ်တိုက်ခိုက်မှုကိုထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)နှင့် ရေဖြူအလယ်ပိုင်း (ပကဖ )အဖွဲ့တို့ပါဝင်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအနေဖြင့် အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ-ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)
#ထားဝယ် – #ရန်ကုန်ကားလမ်းမပေါ်တွင် #စစ်ကောင်စီယာဉ်တန်း #ပစ်ခတ်တိုက်ခိုက်ခံရ #ပြီးစစ်ကောင်စီတပ်သား #၁၀ဦးခန့်သေဆုံးဟုဆို
#Ayeyarwaddy_Times