ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဇွန် ၂ ရက်
ချင်းအမျိုးသားတပ်မတော်(CNA)၊ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ သည် ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြားရှိ သီမစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး သေနတ် နှစ်လက်နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိထားကြောင်းCNA/CNFပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောကြားသည်။
ချင်းအမျိုးသားတပ်မတော်၏ ဌာနချုပ်ဗစ်တိုးရိယားကို သိမ်းပိုက်နိုင်ရန်အတွက် စစ်ကောင်စီက လေကြောင်းအပါအဝင် အင်အား ၁၅၀ ကျော်ပါသော မြေပြင်စစ်ကြောင်းတို့ဖြင့် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှ စတင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး တစ်ပတ်ကျော်အထိ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။
” ဒီနေ့မှာလည်း တိုက်လေယာဥ်ရော ၊ လက်နက်ကြီးနဲ့လည်း ပစ်ခတ်မှုရှိတယ်။ အခုသီမစ်တံတားအပေါ်ဘက်နဲ့ သီမစ်တံတားအောက်ဘက်ကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ လာကြတယ်။ သူတို့ရှေ့ဆက်တိုးလာမလားဆိုတာတော့ မပြောတတ်သေးဘူး ” CNA/CNFပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ၁၀ ကြိမ်ထက်မက လုပ်ဆောင်လာခြင်းကြောင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့ပြီး ၈ ဦးခန့်ဒဏ်ရာရရှိခဲ့သည်။
၂၀၂၂ခုနှစ် မေလတုန်းကလည်း စစ်ကောင်စီက သီမစ်ဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့သလို ၎င်းနည်းတူ လက်ရှိတွင် လည်း စစ်ကောင်စီက ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
” အဓိကကတော့ သူတို့မီးရှို့ထားတဲ့ ထန်တလန်မြို့က စစ်ကောင်စီရဲ့ အထိုင်စခန်းကို အင်အားဖြည့်ဖို့ ဖြစ်လိမ့်မယ်။ အဲ့ဒီကနေတဆက်ထဲ ဒေသမှာရှိနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့။ အဲ့ဒီပြီးမှ ကျနော်တို့ CNFရဲ့ဌာနချုပ်၊ ဗစ်တိုးရိယားဌာနကို ဖြိုဖို့ သူတို့ရဲ့ စီမံချက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ် “ ဟု ဆလိုင်းထက်နီက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ထိုးစစ်ဆင်နိုင်ရန်အတွက် လေကြောင်းပစ်ကူအပါအဝင် လက်နက်ကြီးများဖြင့် သီးမစ်ဘက်သို့ ဆက်လက်ပစ်ခတ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့က မြေပြင်ကွင်းဆင်းမှုဆောင်ရွက်ရာတွင် သေနတ်နှင့်လက််နက်ခဲယမ်းများကို သိမ်းဆည်းရမိခြင်းဖြစ်သည်။
စစ်ကောင်စီက ချင်းပြည်နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ယခုနှစ်တွင် ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ််ကိုင်းတိုင်းတို့ကို လေကြောင်းအပါအဝင် မြေပြင် စစ်ကြောင်းတို့ဖြင့် စစ်ဆင်ရေးပိုမိုလုပ်ဆောင်လာမည်ဟု CNA/CNFကသတင်းရရှိထားကြောင်းသိရသည်။
#ချင်းပြည်နယ် #ဟားခါး #ထန်တလန် #သီမစ်တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင်၂၇ဦးသေဆုံး #သေနတ်၂လက် #လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
Photo-ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိထားသော လက်နက်ခဲယမ်းများ
#Ayeyarwaddy_Times