နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၂ ရက်

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် အခြေစိုက်သည့် တော်လှန်အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နှင့် လေ့လာတက်ရောက်သူ ၃၁ ဦးတို့သည် မေလ ၃၀ ရက်မှ ၃၁ ရက်အထိ နှစ်ရက်တာ ပြုလုပ်သော ပထမအကြိမ် စစ်ကိုင်းဖိုရမ်တွင် စစ်ကိုင်းတိုင်း အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ထိုအရာသည် တော်လှန်ရေးအတွက် အကျိုးသက်ရောက်မှု ကြီးကြီးမားမားရှိမည်ဟု ယုံကြည်မိကြောင်း ဒေါင်းမင်းစစ်ကြောင်း တာဝန်ခံက ဆိုသည်။

“တော်လှန်ရေး ဦးတည်ချက်တူပေမယ့်၊ သွားတဲ့ပန်းတိုင် တူပေမယ့် လမ်းကြောင်း မတူတဲ့အခါမှာ သွားဖို့အတွက် အရှိန်နှုန်းနှေးတယ်။ အခက်အခဲအတားအဆီးတွေလည်း တစ်ဖွဲ့ချင်းစီပဲ ကျော်ဖြတ်လာရတာ ဖြစ်တဲ့အတွက် အဆင်မပြေဘူးပေါ့။ အခု စစ်ကိုင်း ဖိုရမ်မှာဆိုရင်တော့ ဒီတော်လှန်ရေးအတွက် အကျိုးသက်ရောက်မှု ကြီးကြီး မားမား ရှိမယ်လို့ ယုံကြည်တယ်။ ဒါမျိုးလည်း ဖြစ်သင့်တယ်” ဟု ဒေါင်းမင်းစစ်ကြောင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် တော်လှန်ရေးတွင် ပါဝင်နေကြ သည့် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းများကြား အားလုံးပေါင်းစပ် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက်ချနိုင်သည့် တိုင်းအတိုင်ပင်ခံကောင်စီ (သို့မဟုတ်) အစုအဖွဲ့တစ်ခုကို တည်ဆောက်၍ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်အားလုံး အပြီးတိုင် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ရန် ရည်မှန်းကြောင်း အဆိုပါဖိုရမ်က ဇွန်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အခုဆိုရင်တိုင်းအတိုင်ပင်ခံကောင်စီ ပေါ်ပေါက်လာဖို့အတွက်ရယ်၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရေးအဖွဲ့တွေ နားလည်မှုလွဲနေတဲ့ကိစ္စတွေရှိတယ်။ နောက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်မှု၊ ချိတ်ဆက်မှုအားနည်းတဲ့ အပိုင်းတွေရှိတယ်။ ဒါတွေကို အုပ်ချုပ်ရေး အဖွဲ့တွေနဲ့၊ စစ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု လုပ်မယ်ဆိုပြီး ဒီထုတ်ပြန်ချက်ထဲမှာ ပါတာလည်းတွေ့ရတဲ့အတွက် ဒါကနိုင်ငံရေး၊ စစ်ရေးနဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိမယ်လို့ ယူဆတယ်” ဟု ဒေါင်းမင်းစစ်ကြောင်း တာဝန်ခံက ဆိုသည်။

ယင်းဖိုရမ်တွင် တက်ရောက်ဆွေးနွေးခဲ့သည့် ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ တာဝန်ရှိသူတစ်ဦးက “တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်းမှာ ကွဲကွဲပြားပြားဖြစ်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုပေါင်းပြီးတော့ နိုင်ငံရေးအရရော ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကို စုစည်းမှု အားကောင်းကောင်းနဲ့ အလုပ်လုပ်တယ်၊ နိုင်ငံရေးရည်မှန်းချက်လည်း အားကောင်းလာတယ်ဆိုတာကို မြင်ရတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကိုင်းဖိုရမ်၌ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရ အုပ်ချုပ်ရေးနှင့် အထွေထွေကဏ္ဍ ၄ ရပ်ကို ဆွေးနွေးအဖြေရှာခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် EROs အပါအဝင် မိတ်ဖက်အဖွဲ့အစည်း ၂၇ ဖွဲ့တို့ကလည်း သဝဏ်လွှာများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုစစ်ကိုင်းဖိုရမ် လုပ်လိုက်တာဟာ စစ်ကိုင်းတိုင်းသည် ဖက်ဒရယ်ကိုသွားမယ် ဆိုတဲ့ဟာမျိုးကို ဦးတည်ပြီးတော့ သွားကြတယ်။ စစ်ကိုင်းတိုင်းရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအတွက်ကို သူတို့ဒေသရဲ့အားလုံးသောသူပေါ့။ နောက်ဆုံး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်မှသည် တစ်ဦးတစ်ယောက်ချင်း စစ်ကောင်စီကို တော်လှန်နေတဲ့သူတွေအထိ အားလုံးပါဝင်ဖို့အတွက် သူတို့ပြင်ဆင်ထားတဲ့ဟာမျိုးကို တွေ့ရတာ ဝမ်းသာစရာကောင်းတယ်” ဟု ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၏ အနာဂတ်ရေးရာများနှင့် ပတ်သက်၍ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရ အုပ်ချုပ်ရေးနှင့် အထွေထွေကဏ္ဍတွင် သပိတ်၊ CDM ၊ သယံဇာတ၊ စစ်ရှောင် ကူကယ်ရေး စသည့် အချက်များကို စုပေါင်းဆွေးနွေးခဲ့ပြီး ထိုမှတဆင့် သဘောထားစုစည်းချက်များ ရရှိခဲ့သည်ဟု သိရသည်။

“ရှေ့ဆက်ပြီးတော့ တော်လှန်ရေးမှာ စစ်ကိုင်းတိုင်းအတွက် ဦးစီးဦးဆောင်မှု တစ်ခုတည်းအောက်မှာ အစုအဖွဲ့အားလုံးပါဝင်ပြီး ဦးစီးဦးဆောင်တဲ့ကော်မတီ၊ တိုင်းအတိုင်ပင်ခံကောင်စီပေါ့နော်။ အဲ့ဒီကောင်စီမှာလည်း အစုအဖွဲ့အားလုံးကို ကိုယ်စားပြုတဲ့လူ‌တွေ ပါဝင်ပြီးတော့ ညီညီညွှတ်ညွှတ် ဆက်သွားနိုင်မယ်ဆိုရင်၊ အခုလို စစ်ကောင်စီ စစ်ကြောင်းထိုးတိုင်း ထွက်ပြေးနေရတဲ့ အခြေအနေကနေပြီးတော့ သူတို့ကို မဟာဗျူဟာကျကျ၊ နည်းဗျူဟာကျကျ ပြန်ပြီးတုံ့ပြန်နိုင်မယ်လို့ ယူဆရပါတယ်” ဟု ဒေါင်းမင်းစစ်ကြောင်း တာဝန်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကိုင်းတိုင်းအဆင့် အရေးတကြီးလိုအပ်နေသည့် နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ အဖြစ် တိုင်းအဆင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများပေါ်ပေါက်ရေး၊ တိုင်းအဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒများ ရေးဆွဲရေး၊ တိုင်းအတွင်း အုပ်ချုပ်ရေးနှင့် စစ်ရေးအဖွဲ့များကြား အပြန်အလှန်ထိန်းကျောင်းနိုင်ရေး၊ ဒေသတွင်း ကာကွယ်ရေး အဖွဲ့များ စုစည်းအားကောင်းနိုင်ရေးတို့ကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ လုပ်ဆောင်သွားရန် သဘောထားပေး ဆွေးနွေးခဲ့ကြောင်း စစ်ကိုင်းဖိုရမ် ထုတ်ပြန်ချက် အရ သိရသည်။

“ဖက်ဒရယ်ကို သွားဖို့အတွက်က သိပ်ကောင်းတဲ့ စီစဉ်ဆောင်ရွက်မှုလို့ ကျွန်တော်တို့က မြင်တယ်။ အဲ့ဒီတော့ဒီစစ်ကိုင်းတိုင်းရဲ့ ဖိုရမ်ကိုကြည့်ပြီးတော့ မဖွဲ့စည်းရသေးတဲ့ တခြားသော တိုင်းတွေကလည်း ဖက်ဒရယ်ဆိုတာ ဘာလဲပေါ့နော်။ အဓိကကတော့ ဘာကောင်းသလဲဆိုရင် ဗမာတွေ နေရာကနေစပြီးတော့ ဖက်ဒရယ်ကို စတင် အကောင် အထည်ဖော်လာတာကတော့ သိပ်ကိုကောင်းတဲ့အသီးအပွင့်ပေါ့။ တော်လှန်ရေး အသီးအပွင့် ဖြစ်တယ်လို့မြင်တယ်” ဟု ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းဖိုရမ်သို့ မတက်ရောက်ဖြစ်သော်လည်း ထိုဖိုရမ်တွင် ပါဝင်ဆွေးနွေးကြသည့် အဖွဲ့အစည်းများသည် ယခင်ကတည်းက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သောကြောင့် ဆက်လက်ပူးပေါင်း သွားမည်ဖြစ်ကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောကြားသည်။

“ဘယ်လိုပုံစံ ပူးပေါင်းဆောင်ရွက်သွားမလဲ၊ ဘယ်လိုဆက်ပြီး ပါသွားမလဲကတော့ တိတိပပတော့ ပြောရခက်တာပေါ့။ ဒါပေမယ့်ကျွန်တော်တို့တွေ ဒီအစုအဖွဲ့တွေ၊ အဖွဲ့ အစည်းတွေနဲ့ နီးနီးကပ်ကပ် အရင်ကလည်း ဆောင်ရွက်ခဲ့တာရှိသလို၊ ဆက်ပြီးလည်း ဆောင်ရွက်သွားမှာပါပဲ” ဟု ကိုမင်းထက်ဟန် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုများကို ထပ်လောင်းအားဖြည့်လျက်၊ တော်လှန်ရေးအောင်မြင်ရေးအတွက် အရေးကြီးသော အထောက်အပံ့ကောင်းဖြစ်စေကြောင်း စစ်ကိုင်းဖိုရမ်သို့ သဝဏ်လွှာပေးပို့သည်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်နှင့် ပတ်သက်၍ ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း ၂၈ မှ ဗိုလ်သူရိန်ကလည်း “ကျွန်တော်တို့အမြင်ကတော့ ကြိုက်တယ်။ MOD ရဲ့ လက်အောက် ကနေ ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့က စာအုပ်ကြီးအတိုင်း သွားနေရတာနဲ့ အတူတူပဲ။ တော်လှန်ရေးကို မြန်မြန်နဲ့ ခရီးဆက်ချင်တယ် ဆိုရင်တော့ ဒီလုပ်ငန်းစဉ် မလုပ်ဘဲနဲ့တော့ ရှေ့ဆက်လို့ရမယ်လို့ ကျွန်တော်ကတော့ မထင်ဘူးဗျ” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ယခု ဆွေးနွေးပွဲသည် ပြင်ပပယောဂများ မပါဘဲ မိမိတို့ဒေသ အခြေအနေနှင့် ကိုက်ညီသည့် ရလဒ်များကို ဆွေးနွေးအဖြေရှာနိုင် ကြပါစေဟု ဆန္ဒပြုကြောင်းလည်း NUG က ဆိုထားသည်။

ယင်းအပြင် တိုင်းအတွင်း တော်လှန်ရေးအင်အားစုများ စုစည်းမှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးကို ဖော်ဆောင်နိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာ စာတမ်း” ပါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးဟူသည့် တော်လှန်ရေးလုပ်ငန်းစဉ်တို့အတွက် စစ်ကိုင်းတိုင်း၏ အင်အားကို ပိုမိုညီညွတ်အား ကောင်းစေနိုင်မည်ဟု ယုံကြည်ကြောင်း စစ်ကိုင်းဖိုရမ်သို့ NUG ကပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ပုံစာ-စစ်ကိုင်းဖိုရမ်စာမျက်နှာ

#စစ်ကိုင်းဖိုရမ် #စစ်ကိုင်းတိုင်း #အတိုင်ပင်ခံကောင်စီဖွဲ့စည်းနိုင်ရေး #တော်လှန်ရေးအဖွဲ့အစည်းများ #မိတ်ဖက်အဖွဲ့အစည်း #NUG #NUCC #Ayeyarwaddy_Times