ဧရာဝတီတိုင်းမ်
ဇွန်လ ၂ ရက်
စစ်တပ်အာဏာသိမ်းသည့်နေမှာပင်အဖမ်းခံလိုက်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်သည် ယနေ့ ဇွန် ၂ ရက်နေ့တွင် ရမည်းသင်းအကျဉ်းထောင်မှ လွတ်ရက်ပြည့်ဖြင့်ပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှသိရသည်။
” ဒီမနက် လွတ်ရက်စေ့နဲ့ ပြန်လွတ်ပါတယ်။ ကျန်းမာရေးကောင်းပါတယ်” ဟု ရမည်းသင်းအကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်သည် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ၃ (၁) ဂ ဖြင့် နေပြည်တော်အကျဉ်းထောင်တွင်အမှုရင်ဆိုင်ရပြီးနောက် ထောင်ဒဏ်သုံးနှစ် မတရားအမိန့်ချမှတ်ခံခဲ့ရကာ ရမည်းသင်းထောင်တွင် ထောင်ဒဏ် ကျခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ် ၊စီမံ/ဘဏ္ဍာဝန်ကြီးဦးစိုးဝင်း ၊ ဒုဝန်ကြီး ဦးဆက်အောင်နှင့် ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို
ထောင်ဒဏ် သုံးနှစ်ဆီချမှတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့်ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသူများထဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သာ ထောင်ထဲတွင် ကျန်ရှိနေပြီး အခြားအမှုတွဲ လေးဦးလွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် စီမံ/ဘဏ္ဍာဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သော ဦးဆက်အောင်သည် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌလည်းဖြစ်ခဲ့သည်။
ရမည်းသင်း အကျဉ်းထောင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့သူ ရဲအုပ်ပြည့်ဖြိုးနိုင် ၊ ဒုရဲအုပ် ချယ်ရီထက်၊ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင် နှင့် ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို အကျဉ်းချထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန်လ ၁ ရက်နေ့ထိ စာရင်းများအရ အာဏာသိမ်း ကာလ နှစ်နှစ်ကျော်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် ပြည်သူ ၁၈,၅၇၄ ဦး ဖမ်းဆီးခံထားရပြီး ၄င်းတို့အထဲမှ ၆,၁၆၁ ဦး ထောင်မိန့်တွေ ချမှတ်ခံထားရသည်။
ဓာတ်ပုံ – MYEA
#စီမံ/ဘဏ္ဍာ #ဒုတိယဝန်ကြီး #ဦးဆက်အောင် #လွတ်ရက်ပြည့်ဖြင့်ပြန်လွတ်
#Ayeyarwaddy_Times