ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထုတိုင်းတာချက်များအရ လေဝဲများပြားလာကာ မုန်တိုင်းဖြစ်ပေါ်ရန်နီးစပ်သည့် အဆင့်သို့ရောက်ရှိလာကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်ထံက သိရသည်။

လက်ရှိတွင် လေဝဲစနစ်သည် အထက်လွှာလေစီးကြောင်းတွင် တည်ရှိနေပြီး အောက်အလွှာ လေစီးကြောင်းထဲ မရောက်သေးသဖြင့် သေသေချာချာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ဦးဝင်းနိုင်က ဆိုထားသည်။

“အရင်ကထက်စာရင် ခန့်မှန်းချက်က စော‌စောဖြစ်လာမှာ သေချာသလောက်နီးပြီ။ အရင်တုန်းက စောဖြစ်လာဖို့က ၈၀ ရာခိုင်နှုန်း သေချာတယ်။ အခုက ၉၀ ရာခိုင်နှုန်းသေချာပြီ။ INVEST လုပ်ဖြစ်မှာကိုတွေ့ပြီ” ဟု မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခင်က ဇွန်လ ၅ ရက်နေ့မှာသာ မုန်တိုင်းဖြစ်ပေါ်နိုင်၍ စောင့်ကြည့်( INVEST) မည်ဟုခန့်မှန်းထားသော်လည်း ဇွန်လ ၃ ရက်နေ့တွင် လေဝဲစနစ်ဖြစ်လာနိုင်၍ ခန့်မှန်းချက်ထက်စောပြီး မုန်တိုင်းဖြစ်ပေါ်ရန်နီးစပ်လာခြင်းဖြစ်ကြောင်း ဦးဝင်းနိုင်က ရှင်းပြသည်။

ထို့ပြင် ဇွန်လ ၆ ရက် မနက် ၇ နာရီအထိ INVEST စတင်ဖြစ်ပေါ်ရာနေရာ အနီးတွင် ဆက်လက်တည်ရှိနေနိုင်ပြီး လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော လေဖိအား နည်းရပ်ဝန်း (မုန်တိုင်းငယ်) အဆင့်တွေကို ရောက်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဦးဝင်းနိုင်က သုံးသပ်ထားသည်။

လက်ရှိတွင် INVEST အဆင့်ကနေစောင့်ကြည့်နေရမည်ဖြစ်ပြီး လေထုအထက်လွှာ နှင့် အောက်အလွှာပေါင်း သွားပေါင်းစပ်သွားပါက လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး ထိုမှတဆင့် မုန်းတိုင်းငယ်သတ်မှတ်ကာ လေတိုက်နှုန်းပြင်းအားအပေါ်မူတည်ပြီး ဆိုက်ကလုန်း မုန်တိုင်းအဆင့်ထိဖြစ်ပေါ်လာမည် ဖြစ်သည်။

ယခုအစပျိူးနေသည့် လေထုကိုစောင်ကြည့်နေဆဲဖြစ်ကာ မည်သည့်အဆင့်ထိ ရောက်ရှိမည်ကို မသိရှိရသေးသော်လည်း ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေနှင့် ကျောက်ဖြူမြို့ကိုဖြတ်သွားမည်ဟု ယူရကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က ဆက်လက် ပြောကြားသည်။

အဆိုပါဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတောင်ပိုင်းတို့တွင် မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ကာ အလယ်ပိုင်းဒေသတွင်လေဆင်နှာမောင်း တိုက်ခတ်ခြင်း မိုးများ၍ ရေကြီး၊ ရေလျှံမှု များဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်လိုကြောင်း အသိပေးထားသည်။

မေလ ၁၄ ရက်နေ့တွင် ဝင်ရောက်သော အလွန့်အလွန် အားကောင်းသည့် ဆိုက်ကလုံး မုန်တိုင်း မိုခါသည် ဗဟိုချက်အဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်အထိ မုန်တိုင်း ဖြတ်ကျော် ဝင်ရောက်ခဲ့သဖြင့် မုန်တိုင်းသင့် လူဦးရေ ၁ ဒဿမ ၆ သန်းခန့်မှာ ကူညီ စောင့်ရှောက်မှု များလိုအပ်လျှက်ရှိသည်။

ဓာတ်ပုံ – ဦးဝင်းနိုင်၏ လူမှုကွန်ရက်စာမျက်နှာ
#ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း # မုန်တိုင်းဖြစ်ပေါ်ရန်နီးစပ် #စစ်တွေ #ကျောက်ဖြူ #ထပ်မံဖြတ်သန်းနိုင် #Ayeyarwaddy_Times