ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇွန် ၂ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မေလ ၃၁ ရက်နေ့၊ ‌နေ့လယ် ၁ နာရီဝန်းကျင်က စစ်‌ကောင်စီလက်အောက်ခံတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လှည်းလမ်းကူး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ခြောက် ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ဘိုက္ကားတပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်မှု့ကြောင့် လှည်းလမ်းကူးရွာရှိ ဦးစောထွန်းဆိုသူ၏ နေအိမ်အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ခြောက်နှစ်အရွယ် ကလေးငယ်အပါအဝင် ခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံ အမျိုးသား တစ်ဦးထံက သိရသည်။

“စစ်ကောင်စီဘက်က သူတို့ကိုဒရုန်းနဲ့သွားပစ်လို့ဆိုပြီး ပြန်ရမ်းပစ်တာပါ။ တိုက်ပွဲအချိန်မှာ ပစ်တာမျိုးတော့မဟုတ်ဘူးလို့ သိရတယ်။ စစ်ကောင်စီဘက်ကတော့ PDFတွေပစ်တာဆိုပြီး စွပ်စွဲရေးတာမျိုးတွေရှိတယ်။ PDF‌တွေက ပြည်သူတွေကို ပစ်တယ်ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ ဦးစောထွန်း ခြေ၊လက်ထိမှန် (ခြေထောက်ဖြတ်ရဖို့ ထိစိုးရိမ်ရ)၊ ဇနီးဒေါ်ဝင်းစန္ဒာမြင့် (ညာဘက်ခြေထောက်ထိမှန်စိုးရိမ်ရ)၊ သား မောင်သိမ်းပိုက်စိုးစံ (ခြေလက်ကျည်စထိမှန်)၊ ဦးထွန်းထွန်းလင်း(ခြေ၊လက်ထိမှန်)၊ သားဖြစ်သူ‌မောင်မြင့်မြတ်လင်း(စိုးရိမ်ရ)၊ သမီးဖြစ်သူမယွန်းရတီဦး(ခြေထောက်ထိမှန်) ဒဏ်ရာအသီးသီးရခဲ့ကြောင်း သိရသည်။

မိသားစုဝင်ခြောက်ဦးအနက် နှစ်ဦးမှာ ကျည်စထိမှန်မှုကြောင့် ခြေသလုံးရိုး ကျိုးကြေခဲ့ပြီး အသက်မပြည့်‌သေးသူ ကလေးတစ်ဦးမှာ ဦးခေါင်းခွံရိုးအက်ကွဲခဲ့ပြီး စိုးရိမ်ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လှည်းလမ်းကူးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ပြီးနောက် အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးထံက သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ ဘီးလင်းသံတံတားဂိတ်စခန်းအား ဒရုန်းဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်ဖွဲ့များသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာနိုင်သည့် လမ်းကြောင်းများကို လက်နက်ကြီး ဖြင့်ရမ်းသန်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကျိုက်ထိုအသံ။
#မွန်ပြည်နယ် #ကျိုက်ထို #စစ်ကောင်စီတပ် #လက်နက်ကြီး #ထိမှန် #ဒေသခံ၆ဦး #ဒဏ်ရာပြင်းထန် #တပ်မ၄၄ #Ayeyarwaddy_Times