နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဧရာဝတီ)/ဇွန်လ၁ရက်

ဧရာဝတီတိုင်း လျှပ်စစ်မီးပြတ်တောက်ချိန် များသည့်အတွက် လျှပ်စစ်ပစ္စည်း ပြုပြင်သည့် လုပ်ငန်းလုပ်သူများအနေဖြင့် အလုပ်နားထားရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန က အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးသည်ဆိုသော်လည်း ပေးရမည့်အချိန်တွင် မီးမလာသည့်ဖြစ်စဉ်များရှိကာ လုပ်ငန်းလုပ်မရသည့် အခြေအနေထိကြုံတွေ့နေရသည့်အတွက် လျှပ်စစ်မီးအသုံးပြုပြီးလုပ်ကိုင်နေရသည့် လုပ်ငန်းအများစုမှာ ရပ်ဆိုင်ထားရခြင်းဖြစ်သည်။

“တီဗီ၊ ရေခဲသေတ္တာ အဝတ်လျှော်စက်နဲ့ အိမ်သုံးပစ္စည်းတွေ ပြုပြင်တဲ့လုပ်ငန်းဆိုတာ လျှပ်စစ်မီးလာမှ လုပ်လို့ရတာ။ အခုက လျှပ်စစ်မီးကမလာတစ်ချက်လာတစ်ချက်နဲ့ကြတော့ အလုပ်လုပ်ရတာအစဥ်မပြေတာနဲ့ ဆိုင်ကိုပိတ်ထားရတယ် “ ဟု ဖျာပုံမြို့ နယ်အတွင်းက လျှပ်စစ်ပစ္စည်းပြုပြင်ရေး လုပ်ငန်း လုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူလူထုသည် လူမှုဘဝ အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရကာ စစ်အာဏာသိမ်းမှု သုံးနှစ်အတွင်းရောက်ရှိလာချိန်တွင် အထွေထွေကျပ်တည်းမှုများကို ပိုမိုခံစားနေကြရသည်။ အဆိုပါအကျပ်အတည်းများထဲတွင် လျှပ်စစ်မီး လုံလောက် မှန်ကန်စွာ မပေးနိုင်သည့် အခြေအနေတစ်ရပ်ကို နေပြည်တော် အထူးအခွင့်အရေးရ လူတစ်စုမှလွဲ၍ တစ်နိုင်ငံလုံးရှိ ပြည်သူများခံစားနေကြရခြင်းဖြစ်သည်။

” TV တွေအောက်စက်တွေ စလောင်းစက်တွေပြင်တယ်ဆိုတာ အချိန်အရမ်းပေးရတာလေ မီးမှန်မှ ပျက်တဲ့အပြစ်ကိုရှာလို့ရတာ ခုက ပြင်ရမဲ့ပစ္စည်းတွေက ပုံထပ်နေပြီးမီးမမှန်တော့ လာပြင်တဲ့သူတွေရဲ့အငြိုငြင်ခံရလွန်းတော့ လျှပ်စစ်ပစ္စည်း ပြင်တဲ့လုပ်ငန်းကိုရပ်ထားတယ်” ဟု ဧရာဝတီတိုင်းအတွင်း လျှပ်စစ်ပစ္စည်း ပြင်ဆင်သည့် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း အဆိုတော်ဗျူဟာက မီးအလှည့်ကျပေးမည့်အချိန်တွင် မီးမပေးသည့်အတွက် စစ်ကောင်စီကို ဝေဖန်ခဲ့သည့်အတွက် နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

#လျှပ်စစ်မီး #ပြတ်တောက်မှုများသည့်အတွက် #ဧရာဝတီတိုင်းအတွင်းရှိ #အသေးစားလုပ်ငန်းများ ရပ်နားထားရ
#Ayeyarwaddy_Times