နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)/ဇွန်လ ၁ ရက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရုတ် ဝမ်ပေါင် ကြေးနီ စီမံကိန်း အနီးရှိ ရဲကင်းနှင့် စစ်ကောင်စီ တပ်များနေသည့် နားနေဆောင်အား ယင်းမာပင် ခရိုင် ဓာမဆိုင်း တပ်ရင်း (၂၈) မှ သွားရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဓားမဆိုင်း တပ်ရင်း (၂၈) မှ ဗိုလ်စွမ်းသူမောင် က“သွားတိုက်ခဲ့တာ မေလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ၊ ကင်းစောင့်နေတဲ့ ရဲ ၂ ယောက်ကတော့ နေရာမှာပဲ လဲကျပြီး သေသွားတယ်။ ၃ ယောက်က အပြင်းထန် ဒဏ်ရာ ရသွားတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

အလစ်အငိုက် သွားတိုက်ခဲ့သော်လည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲပါ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၆၀ မမ၊ ၄၀ မမ၊ G3 ၊ G4 သေနက်များနှင့်ပါ ပစ်ခက်မှု ပြုလုပ်ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေး အင်အားစုများက ကောင်းမွန်စွာ ပြန်လည်ဆုပ်ခွာ နိုင်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်များကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး မေလ ၃၀ ရက်နေ့ညကလည်း ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားသည့် ဆားလင်းကြီး မြို့မရဲစခန်းအား ဓားမဆိုင်း တပ်ရင်း (၂၈) က တာဝေးပစ် လက်လုပ် လက်နက်ကြီးများနှင့် တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါ ကြေးနီ စီမံကိန်းသည် တရုတ်အစိုးရ နောက်ခံပြု ဝမ်ပေါင် ကုမ္ပဏီ နှင့် မြန်မာ စစ်တပ်၏ ဦးပိုင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေသည့် စီမံကိန်း ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နှင့် ၂၄ ရက်ကလည်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာ အတွင်း ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည်။

ထို ပစ်ခတ် တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ဝမ်ပေါင်ကုမ္ပဏီ က ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက်မှာ သတင်း ထုတ်ပြန်သည်။

လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင် ပတ်သက်လိုခြင်း မရှိကြောင်း၊ တာဝေးပစ် လက်နက်များဖြင့် သတ္တုတွင်း ဧရိယာအတွင်း ဗုံးအများအပြား ပစ်လွှတ်ခဲ့ပြီး ဗို့အားမြင့် ဓာတ်အားပေး တာဝါတိုင်မှာလည်း ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရမှု မရှိခဲ့ကြောင်းလည်း ဝမ်ပေါင် ကုမ္ပဏီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#တရုတ်ဝမ်ပေါင် #ကြေးနီစီမံကိန်းရှိ #ရဲကင်းနှင့်နားနေဆောင် #တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်၊ #ရဲ၂ဦးသေဆုံးပြီး၃ဦး #ဒဏ်ရာရဟု ဆို
#Ayeyarwaddy_Times