ဧရာ၀တီတိုင်းမ်
ဇွန် ၁ ရက်

စစ်နည်းဗျူဟာကျကျ ထိရောက်စွာ တိုက်ခိုက်ချေ မှုန်းနိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရန်ကုန်တိုင်း စစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းကို စတင်ဖွဲ့စည်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေး ၀န်ကြီးဌာန(MOD)က ယနေ့ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း(၅၁၀၁) ကို ကာကွယ်ရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လေ့ကျင့်ရည်ပြည့်၀၍ တိုက်ရည် ခိုက်ရည်ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော် ကောင်းများဖြင့် ယနေ့ ဇွန် ၁ ရက်နေ့တွင် စတင်၍ဖွဲ့စည်းခြင်းဖြစ်ကြောင်း MOD က ဆိုသည်။

“ရန်ကုန်တိုင်းပြင်ပမှာ တပ်ရင်းအဖြစ်ပြင်ဆင် စိစစ်စုဖွဲ့ပြီး နီးစပ်ရာ တပ်ရင်း/စစ်ကြောင်းတွေ မဟာမိတ်တွေနဲ့ တိုက်ပွဲဝင်ရင်း စစ်မျက်နှာဖွင့်ပြီး တိုက်ပွဲဝင်မှာဖြစ်ပါတယ်။ လက်ရှိလည်း တိုက်ခိုက်ရေးအတွေ့အကြုံအတွက် တိုက်ပွဲတွေ ဝင်ရောက်တိုက်ခိုက်နေပါတယ်။ တောတွင်းကျေးလက်ကနေ မြို့ပြဆီသို့ တိုက်ပွဲတွေဖော်ဆောင်မှာဖြစ်ပါတယ်။ ရန်ကုန်လိုနေရာမှာဆို စိန်ခေါ်မှုက ပိုကြီးမားပါတယ်။ ဒါကြောင့် ရန်ကုန်နေပြည်သူလူထုအနေနဲ့ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တွေကို ပိုမိုကူညီပေးကြဖို့လည်း ဒီနေရာကနေ မေတ္တာ ရပ်ခံပါတယ်” ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲ ပြန် ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် နယ်မြေအခြေအနေအရသာမကဘဲ လုံခြုံရေးအရပါ ရည်ရွယ်၍ ယခင်က မြို့ပြပြောက်ကျား လှုပ်ရှားမှုများဖြင့်သာ စစ်ကောင်စီ၏ ဒေါက်တိုင်များကို တိုက်ခိုက်ခဲ့ရာမှ ယခုအခါတွင် ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်း တပ်ရင်း၊ တပ်ဖွဲ့များကို NUG က ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာကျင့်၀တ် စည်းကမ်းများနှင့်အညီ စနစ်တကျ စုဖွဲ့မည်ဖြစ်ကြောင်း သိရသည်။

NUG ၏ ကာကွယ်ရေး၀န်ကြီးဌာနသည် တပ်ရင်း၊ တပ်ဖွဲ့များကို တိုးချဲ့ဖွဲ့စည်းခြင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် ဆေးဘက်ဆိုင်ရာ စစ်မှုထမ်းဆောင်ရန် ဆေး၀န်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေး ၀န်ထမ်းများကို ယမန်နေ့ မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ခေါ်ယူထားသည်။

အလားတူ စစ်ကိုင်းတိုင်းတွင်လည်း ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အား စုများ စုပေါင်း၍ စစ်ကိုင်းဖိုရမ်ကို ကျင်းပခဲ့ရာ အဖွဲ့အစည်းအသီးသီးရှိ ဒေသဆိုင်ရာခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တော်လှန်ရေးအဖွဲ့အသီးသီးကလည်း ဂုဏ်ပြုသ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။

ပုံစာ- ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်၏အမှတ်အသား
#ရန်ကုန်တိုင်း #ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ် #တပ်ရင်း၅၁၀၁ #NUG #MOD #Ayeyarwaddy_Times