ဧရာ၀တီတိုင်းမ်
ဇွန်လ ၁ ရက်

မြန်မာနိုင်ငံက တင်ပို့သော အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် (မြန်မာကျပ်ငွေ သိန်ပေါင်း ၃ သိန်းကျော်) တန်ကြေးရှိ ပဲမျိုးစုံနှင့် နှမ်းသီးနှံများကို တရုတ်အစိုးရက သိမ်းယူခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် လေလံတင် ရောင်းချရန် ဆောင်ရွက်နေကြောင်း ဘီဘီစီ(မြန်မာပိုင်း) သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တန်ချိန်ပေါင်း ၃ သောင်းကျော်ပမာဏရှိသော မြန်မာ့ပဲသီးနှံများကို တရုတ်အစိုးရက အခွန်အပြည့်အ၀ ပေးဆောင်ခြင်း မရှိဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က သိမ်းယူခဲ့ခြင်းဖြစ်ပြီး အချိန် ၁ လကျော်အကြာတွင် ၎င်းတို့သိမ်းယူထားသည့် ကန်ဒေါ်လာ ၁၀ သန်းကျော်တန်ကြေးရှိ မြန်မာ့ပဲသီးနှံများကို လေလံတင်ရောင်းချရန် တရုတ်အစိုးရက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းက ဆိုသည်။

အဆိုပါ ပဲများကို မြန်မာကုန်သည်ပေါင်း ၄၀ ကျော်က မန္တလေး-မူဆယ်လမ်းကြောင်းမှတဆင့် ကားများဖြင့် တင်ပို့ခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရစွပ်စွဲသလို အခွန်အပြည့်အ၀ မပေးဆောင်ဘူးဟူသည့်ပြောဆိုချက်ကို
မြန်မာပဲကုန်သည်များက ငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် ကုန်ပစ္စည်းတင်ပို့ရောင်းချမှုနှင့်ပတ်သတ၍ အခွန်အပြည့်အဝေပေးဆောင်ခဲ့ကြောင်း မြန်မာပဲကုန်သည်များက ပြောဆိုသည်။

“ကျွန်တော်တို့စာတွေ အဆင့်ဆင့် တင်ထားတယ်။ စာတွေတင်ထားတဲ့ကြားထဲကပဲ ၂၈ ရက်နေ့က အသံတွေထွက်လာတယ်။ အခြေအနေ မကောင်းတော့ဘူး။ ဒီနေ့ ညနေ ၃ နာရီ လေလံပစ်မယ်လို့ ကြားရတယ်။ အခုလို ဆုံးရှုံးသွားပြီဆိုတော့ ကုန်သည်တွေလည်း ဘာမှမတတ်နိုင်တော့ဘူးပေါ့”ဟု မြန်မာပဲကုန်သည်များ ဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးသူတစ်ဦးက ဘီဘီစီကို ပြောသည်။

မြန်မာပဲကုန်သည်များအတွက် တရုတ်နိုင်ငံအတွင်း အခွန်ဆောင်ပေးသူ ၂ ဦးကိုလည်း တရုတ်အစိုးရက ဖမ်းဆီးထားပြီး ပဲကုန်သည်များနှင့် အဆက်အသွယ် မရရှိဘဲဖြစ်နေကြောင်း သိရသည်။

တရုတ်အစိုးရမှ သိမ်းယူခဲ့သည့်ပဲမျိုးစုံထဲတွင် ပဲတီစိမ်းက အများဆုံးဖြစ်ပြီး နှမ်းနှင့် ပရဆေးတချို့လည်း ပါဝင်ကြောင်း သိရသည်။ ယင်းသို့သိမ်းယူမှုကြောင့် မြန်မာပဲကုန်သည်တစ်ဦးလျှင် ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အခွန်မဆောင်ဟူသော စွပ်စွဲချက်ဖြင့် ဒေါ်လာ ၁၀ သန်းကျော်တန်ကြေးရှိ မြန်မာ့ပဲမျိုးစုံကို တရုတ်အစိုးရက သိမ်းယူခဲ့ခြင်းကြောင့် လတ်တလောတွင် တရုတ်ပြည်သို့ ပဲမျိုးစုံတင်ပို့ရောင်းချမှုများ ရပ်တန့်နေကြောင်း သိရသည်။

#တရုတ်အစိုးရ #ကန်ဒေါ်လာ၁၀သန်းကျော် #တန်ကြေးရှိ #မြန်မာဘက်မှတင်ပို့သောပဲမျိုးစုံကိုသိမ်းယူပြီး #လေလံတင် ပြန်ရောင်းဖို့ပြင်ဆင်နေ
#Ayeyarwaddy_Times