ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၁ ရက်

ထားဝယ်-ရန်ကုန်အဝေးပြေးလမ်းပေါ်တွင် မေ ၃၁ ရက်နေ့က စစ်ကောင်စီယာဥ်တန်း ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မေလ ၃၁ ရက် ညနေ ၅ နာရီခန့်အချိန်ကကလိန်အောင်ဘက်ကနေ ရေဖြူဘက်ကိုဆင်းလာသည့် ကားငါးစီးပါစစ်ကောင်စီယာဥ်တန်းကို ကလိန်အောင်မြို့ နှင့် ရေဖြူမြို့ကြားရှိ လမ်းပိုင်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက ဆိုသည်။

“အဲဒီ ယာဥ်တန်း ဟာ ကလိန်အောင် ကို နေ့ လည် ၁၂ နာရီလောက်ကတည်း ကဖြတ်တာ။အဲဒီကား တွေ က ရေဖြူ ဖက်ကို တစ်ခါတည်းမဆင်းဘူး။ ခမရ (၄၁၀) တပ်ရင်း အရှေ့ မှာ ၄ နာရီ လောက် နားလိုက်တယ်။ ညနေ ဖက် မှ အဲဒီယာဥ်တန်းက ပြန်လည်ထွက်ခွာလာခဲ့တာ။အဓိက က သူတို့ ကြားဖြတ်တိုက်ခိုက်ခံရ မှာ စိုးလို့ ခမရ (၄၁၀) တပ်ရင်းအရှေ့မှာ ခဏနားလိုက်တာပါ။ကားတွေမှာပါလာတာက အင်အားအပြည့်ပဲ။ ကျနော်တို့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်တာထိခိုက်သေဆုံးမှုက များနိုင် တယ် “ ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုများ နှင့် အပြင်းအထန် ဒဏ်ရာရရှိသူများလည်း ရှိကြောင်းနှသေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင် ယာဥ် အပါအဝင် အိမ် စီးကားများနှင့် လာရောက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာ ရရှိသူ စာရင်းအတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရေဖြူ – ကလိန်အောင် လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းများ မကြာခဏ ကြားဖြတ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီး အခု ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းသည် ရေဖြူအခြေစိုက် ခမရ ၄၀၇ တပ်ရင်း မှ ဖြစ်ကြောင်းသိရသည်။

#ထားဝယ်-ရန်ကုန်လမ်းပိုင်း #စစ်ကောင်စီယာဉ်တန်း
#ပစ်ခတ်တိုက်ခိုက်ခံရ # ကလိန်အောင် #ရေဖြူ #ခမရ၄၀၇

# Ayeyarwaddy_Time