ဧရာဝတီတိုင်းမ်
(ရေး)၊ ဇွန်လ ၁ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပိန္နဲတောကျေးရွာအနီးတွင် မေလ ၃၀ ရက် နံနက် ၉ နာရီဝန်းကျင်က ရိက္ခာတင်ကားများအပါအဝင် စစ်ကောင်စီကား လေးစီးအား တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ နှစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သံဖြူဇရပ်မြို့နယ်ဘက်မှ ရေးမြို့နယ်ဘက်သို့ ဆင်းလာသည့် ကား ကိုးစီးပါ စစ်ကောင်စီယာဉ်တန်းအား ပိန္နဲတောရွာအနီးတွင်တစ်ကြိမ်၊ ဘေးလမိုင်းရွာအနီးတွင်တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးချိန်မှာ ကားပေါ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်သပြေကျေးရွာက ကိုယ့်အိမ်မှာ ကိုယ်နေနေတဲ့ ဒေသခံတစ်ယောက် သေဆုံးခဲ့ရတယ်” ဟု ရေးမြို့ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်းမှာ စကခ ၁၉ လက်အောက်ခံ ခလရ ၅၉၁ တပ်မှဖြစ်ပြီး လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အသက် ၅၁ နှစ်အရွယ် အောင်သပြေကျေးရွာနေ စောမောင်စံသင် ဆိုသူ သေဆုံးခဲ့ရကြောင်း သိရသည်။
ရေးမြို့နယ်တွင် မေလ ၁၆ ရက်နေ့ကလည်း လွတ်ရှမ်းရွာမှ သံဖြူဇရပ်ဘက်သို့ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းအား တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – KNU။
#ရေး #စစ်ကောင်စီယာဥ်တန်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times