ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ ဇွန်လ ၁ ရက်
ရန်ကုန်းတိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားရေးလှုပ်ရှားသူ၊ မဘသအဖွဲ့ဝင် ဒေါ်လီလီနိုင်ကျော်(အသက် ၅၀ ) နှစ်မှာ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် စိုးရိမ်ရဒဏ်ရာဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း စစ်ကောင်စီ၏ ဇွန်လ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။
အမျိုးသားရေးလှုပ်ရှားသူ ဒေါ်လီလီနိုင်ကျော်သည် မေလ ၃၀ ရက်နေ့ ညပိုင်းက ၎င်း၏နေအိမ်ရှေ့၌ပင် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယာနားထင်သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဒေါ်လီလီနိုင်ကျော်ပစ်ခတ်ခံရခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းကို စစ်ကောင်စီနှင့်ပတ်သတ်မှုများရှိသည့် အဖွဲ့အစည်း ၁၄ ခုမှ မြန်မာ့ အလင်းသတင်းစာတွင် သဘောထားထုတ်ပြန်ချက်များထုတ်ခဲ့ပါသည်။
ရှုတ်ချခဲ့သည့် အဖွဲ့အစည်းများမှာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) အပါအဝင် ဘာသာရေးအဖွဲ့အစည်း ၆ ဖွဲ့၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအပါအဝင် အနုပညာအဖွဲ့အစည်း ၅ ဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ UNITED ပရဟိတအသင်း၊ ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်း တို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း မဘသအဖွဲ့အစည်းတည်ထောင်သူများအနက်တစ်ဦးဖြစ်သည့် အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်မှာ မြောက်ဒဂုံမြို့နယ်၌ သေနတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
#မဘသ #လီလီနိုင်ကျော် #ပစ်ခတ်ခံရ #မြန်မာ့အလင်း #Ayeyarwaddy_Times