ဧရာဝတီတိုင်းမ်
ဇွန်လ ၁ ရက်
စိုက်ပျိုးရေးလုပ်ငန်းကိုအဓိထားလုပ်ကိုင်နေသော ဧရာဝတီတိုင်းအတွင်းရှိပင်လယ်နှင့်နီးသောမြို့နယ်များတွင် မိုးနောက်ကျသဖြင့် မိုးစပါးစိုက်ပျိုးရန်အခက်အခဲဖြစ်နေကြောင်း ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားများထံက သိရသည်။
ယခုမေလကုန်အထိ မိုးကောင်းကောင်းမရသေး၍ လယ်ထွန်ယက်နိုင်ခြင်းမရှိသေးဘဲစိုက်ပျိုးရေးလုပ်ငန်း စတင်ရန်ခက်ခဲနေကာလုပ်ငန်းလုံးဝမနိုင်သေးသည့်အခြေအနေမျိုး ကြုံတွေ့နေရခြင်း ဖြစ်သည်။
“ ထွန်ယက်နေတာပဲ။ မိုးရွာမှပဲလုပ်ငန်းစလုပ်ရမယ်။ အဓိကတော့ ပင်လယ်ဘက်ရေငန်ဘက်ဆိုတော့ မိုးရွာမှအဆင်ပြေတယ်။ လောလောဆယ်တော့ မိုးကတော်တော်တော်လေးနည်းတယ်။ ရွာသင့်တဲ့အချိန် ရောက်နေပြီလေ”ဟု ဧရာဝတီတိုင်း အမာမြို့နယ်မှ လယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်လယ်ထွန်စက်အကြီးအသုံးပြုကာ လယ်ထွန်ယက်ထားပြီး မိုးရွာလျှင်စိုက်ပျိုးရေးစနိုင်ရန်ပြင်ဆင်ထား ကြောင်း လယ်ဧက ၅၀၀ ခန့် စိုက်ပျိုးလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၀ သိန်းကျော်နှစ်စဉ်စိုက်ပျိုးလျှက်ရှိကြောင်း စစ်ကောင်စီစာရင်းများအရ သိရသည်။
အယ်လ်နီညိုရာသီဥတစ်ကျော့ပြန်သက်ရောက်မှုရှိနေရာတွင် ပူပြင်းခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း အပါအဝင် မိုးရွာသွန်းမှုနည်းပါးခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။
“ လက်ရှိအနေအထားအရတော့ မြေပြင်မှာဘာမှလုပ်မရတဲ့အနေအထားဆိုတော့ဒါထက်ပိုဆိုးဖို့ပဲရှိတယ်။ အခုအနေအထားအရစိုက်ကွင်းတွေမှာလည်းမရှိတာ။ ပဲ၊ စပါးစိုက်ဧက အကုန်လျော့မှာပဲ။ စားနပ်ရိက္ခာ ပိုဆိုးလာမှာပဲ” ဟု ဆန်စက်ပိုင်ရှင် တစ်ဦးက ပြောသည်။
ယခုနှစ်တွင် သဘာဝဘေးအန္တရာယ်ထပ်မံကျရောက်လာပါက စိုက်ပျိုးရေးလုပ်ငန်းများပိုမိုအထိနာမည်ဖြစ်ပြီး စားနပ်ရိက္ခာဖူလှုံရေးအတွက်စိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကမ္ဘာနိုင်ငံများအတွင်းစားနပ်ရိက္ခာအဆိုးရွာဆုံးအကျပ်အတည်းဖြင့်ရင်ဆိုင်ရမည့်နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင်မြန်မာနိုင်ငံက အဆင့်ခြောက်နေရာတွင်ရှိကြောင်း ကုလသမဂ္ဂစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအဖွဲ့ (FAO) အစီရင်ခံစာ အရသိရသည်။
ယင်းပြင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများဆက်လက်ဖြစ်ပေါ် နေပါက စားနပ်ရိက္ခာဖူလှုံရေးအတွက်အထူးစိုးရိမ်စရာဖြစ်ပြီး အိုးမဲ့၊အိမ်မဲ့ဖြင့် ဒုက္ခရောက်နေသူအပါအဝင် လူပေါင်း ၁၅ ဒသမ ၂ သန်းသည် အသက်ရှင်နေထိုင်ရေးအခက်အခဲဖြစ်မည်ဟု ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) က ခန့်မှန်းထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်အတွင်းအမျိုးသမီးများအပါအဝင် ကလေးငယ် ၂ ဒသမ ၂ သိန်းအတွက် စားနပ်ရိက္ခာဖူလှုံရေးအကူညီလိုအပ်မည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရသိရသည်။
ဓာတ်ပုံ – လူမှုကွန်ယက်စာမျက်နှာ
#ဧရာဝတီတိုင်း #မိုးစပါးစိုက်ရန် #အခက်အခဲကြုံ #အမာမြို့ #FAO #အသက်ရှင်နေထိုင်ရေး #အယ်လ်နီညို #ရာသီဥတု
#Ayeyarwaddy_Times