ဧရာဝတီတိုင်းမ်
ဇွန်လ ၁ ရက်

ဗြိတိန်နိုင်ငံက လက်ဝတ်ရတနာကုမ္ပဏီတွေဟာ သူတို့ ရောင်းချနေတဲ့ ကျောက်မျက်ရတနာပစ္စည်းတွေဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေရစေတဲ့ ကျောက်မျက်တွေမဟုတ်ကြောင်း သက်သေပြဖို့ ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး ကျောက်မျက်ကုမ္ပဏီ ၄၀ ထံ စာရေးသားတောင်းဆိုလိုက်တယ်လို့ Burma Campaign UK က မေလ ၃၀ ရက်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ တစ်နှစ်ကို ဒေါ်လာ ၂ ဘီလီယံလောက် ဝင်ငွေရရှိနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်းကို ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ အစိုးရဝန်ကြီးဌာနတွေအပြင် စစ်တပ်ခေါင်း ဆောင်တွေနဲ့ မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေမှတစ်ဆင့် တရားဝင်နဲ့ တရားမဝင် ကျောက်မျက်ရတနာ ရောင်းချ မှုတွေကို ထိန်းချုပ်ထားပြီး ကျောက်မျက်လုပ်ငန်းကနေ ပုံစံနည်းမျိုးစုံနဲ့ ဝင်ငွေရနေတယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကျောက်မျက်လုပ်ငန်းကနေ ရတဲ့ဝင်ငွေတွေနဲ့ မြန်မာစစ်တပ်ဟာ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူနိုင်ပြီး လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာဖြစ်ပါတယ်။

ကျောက်မျက်ကုမ္ပဏီအများစုဟာ သူတို့ရောင်းချတဲ့ ပတ္တမြားလိုမျိုး ကျောက်မျက်တွေရဲ့ မူလတိုင်းပြည်ကို မ ဖော်ပြဘူး လို့ Burma Campaign UK ရဲ့ သုတေသနက ဖော်ပြနေပါတယ်။

“မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေ ရောင်းချတာဟာ မြန်မာစစ်တပ်ကို ရန်ပုံငွေထောက်ပံ့ပေးနေ တယ်ဆိုတာ ကျောက်မျက်ရတနာကုမ္ပဏီအချို့က သတိထားမိမှာမဟုတ်ပါဘူး” လို့ Burma Campaign UK ရဲ့ ညွှန် ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရုံး (ICJ) မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားရင်ဆိုင်နေရ သလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှာ လူသားမဆန်သော ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးခံနေရပါ တယ်။ ဒါ့အပြင် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းများစွာက မြန်မာစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ စီးပွားရေးအသက်သွေးကြောကို ဖြတ်တောက်ဖို့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအဖွဲ့တွေ က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုနေကြပြီး ကျောက်မျက်လုပ်ငန်းဟာ အဓိက ဝင်ငွေရပေါက်တစ်ခု ဖြစ်ပါ တယ်။

“ကလေးငယ်တွေကို မုဒိန်းကျင့်ပြီး စာသင်ကျောင်းတွေကို ဗုံးကြဲနေတဲ့ စစ်သားတွေအတွက် ဝင်ငွေရစေတဲ့ ကျောက်မျက်ရတနာတွေကို လူတွေက မဝတ်ဆင်လိုကြပါဘူး။ ကျောက်မျက်ကုမ္ပဏီတွေဟာ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို ငွေကြေးမထောက်ပံ့အောင်လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်” လို့ မတ်ခ်ဖာမန်နာက ပြောပါတယ်။

ကိုးကား – Burma Campaign UK
Ref; Jewellery Retailers Challenged on Burma/Myanmar Gems Sourcing

#Ayeyarwaddy_Times