နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဧရာဝတီ)/မေလ၃၁ရက်
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်မေလအတွင်း စစ်ကောင်စီမှ တော်လှန်ရေး တပ်ဖွဲ့ဝင်များဟု ဆိုကာ စွပ်စွဲဖမ်းဆီးထားသူများ၏ Facebook (လူမှုကွန်ရက်) မှတဆင့် ၎င်းတို့ထံ ဆက်သွယ်ထားသည့် K-pay၊ Wave-Pay ဖုန်းများကို စစ်ကောင်စီက ခြေရာခံလိုက်နေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
စစ်ကောင်စီသည် ပုသိမ်မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများဟု စွပ်စွဲကာ ဖမ်းဆီးထားသူများနှင့် ဆက်စပ်သည့် K-pay ၊ Wave pay ဖုန်းနံပတ် အကောင့်များကို စစ်ဆေး၍ ဖမ်းဆီးရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့(ဖမ်းဆီးခံရသူ)နဲ့ ဆက်သွယ်ထားတဲ့ ဖုန်းနံပတ်တွေနဲ့ K-pay၊ Wave-pay ကနေ ငွေလွှဲတာ၊ ငွေလက်ခံတာတွေလုပ်ပြီး ထောင်ဖမ်းဖို့ လုပ်နေတာ။ ဒါကြောင့် သူတို့နဲ့ ဆက်စပ်မှု ရှိသူတွေအနေနဲ့ သတိထားစေချင်ပါတယ်။ သူတို့ရဲ့ Facebook အကောင့် တွေနဲ့ပတ်သက်ခဲ့ဖူးသူတွေ သတိထားစေလိုပါတယ်။ မပတ်သက်ဖို့ လိုပါတယ်” ဟု မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် မေလပထမပတ်ကတည်းက စတင်၍ ဧရာဝတီတိုင်း မြို့နယ်အချို့ရှိ အိမ်များကို သန်းခေါင်အချိန်တွင် ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်စစ်ဆေးပြီး လက်ကိုင်ဖုန်းများကိုပါ တောင်းယူစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
ထိုသို့စစ်ဆေးရာတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် အချက်အလတ်များ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ပုံများကို တွေ့ရှိပါက အကြမ်းဖက် ပုဒ်မများတပ်ကာ ဖမ်းဆီးနေကြောင်း ဒေသခံများ ထံကသိရသည်။
#ဧရာ၀တီတိုင်း #တော်လှန်ရေးတပ်ဖွဲ့ဝင် #စစ်ကောင်စီ #Facebook #ဖမ်းဆီးရန်လုပ်ဆောင် #Ayeyarwaddy_Times