နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်

ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ထွက်ပြေးသည့်အမှု ဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီ၏ အကျဉ်းထောင်အများစုတွင် နိုင်ငံရေးအကျဉ်းသားများကို ပိုမိုဖိနှိပ်လာသလို ရုံးထုတ်ရာ၌လည်း ပိုမိုတင်းကြပ်မှုများ ပြုလုပ်လာကြောင်း နိုင်းကျဉ်းမိသားစုအသိုင်းအဝိုင်းထံမှ သိရသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို ရုံးထုတ်ရာ၌ ဒေါက်ခတ်ပြီး ရုံးထုတ်လာသလို အမှုလိုက်ပါပေးသည့် ရှေ့နေများအား အကျဉ်းထောင်အဝင်တွင်ပင် ဖုန်းများသိမ်းယူခဲ့ကြောင်း၊ ထိုသို့ နိုင်ငံရေးအကျဉ်းသားများအား ဒေါက်ခတ်ရုံးထုတ်သည့်အတွက် အနေအထိုင်ခက်ခဲပင်ပန်းနေကြောင်း သိရသည်။

“လက်ရှိ တောင်ငူထောင်မှာ ထွက်ပြေးတဲ့ဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ထောင်တွေကနေ ပိုပြီးတော့ သတိထားတဲ့ ဖြစ်စဉ်တွေ ဖြစ်လာတယ်။ ပုံမှန်ကတော့ ထောင်ကျပြီးတဲ့ သူတွေကို ရုံးထုတ်ရင် ခြေကျင်းဝတ်ရတယ်။ အခုနောက်ပိုင်း ဒေါက်တွေပါ ခတ်လာတယ်။ လုံခြုံရေးကို ပိုပြီးတော့ တင်းကြပ်လာတယ်။ လုံခြုံရေးယူတဲ့ ရဲတွေက တင်းတင်းမာမာ ဆက်ဆံတာတွေရှိတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအခြေအနေသည် စစ်ကောင်စီမှ ၎င်းတို့လက်အောက်ခံ အကျဉ်းဦးစီးဌာနသို့ ညွှန်ကြားချက်ထုတ်ကာ ပိုမိုဖိနှိပ်ခိုင်းခြင်းဖြစ်ပြီး လက်ရှိတွင် တောင်ငူ၊ အင်းစိန်၊ ရမည်းသင်း၊ မြင်းခြံ၊ ဒိုက်ဦး စသည့်အကျဉ်းထောင်များတွင် ကြုံတွေ့ရင်ဆိုင်ရကြောင်း သိရသည်။

“တောင်ငူဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာ တစ်ထောင်လုံးကို ပါဆယ်ပို့ခွင့် ပိတ်လိုက်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့က တော်တော်များများကို ပါဆယ်ပို့ခွင့် ပြန်ပေးခဲ့တယ်။ ဒါပေမယ့် တိုက်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကတော့ အခုချိန်ထိ ပါဆယ်ပို့ခွင့် မရသေးဘူး။ ပိတ်ထားတယ်ပေါ့” ဟု နိုင်/ကျဉ်း မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တောင်ငူအကျဉ်းထောင်တွင် ထောင်မှ ထွက်ပြေူသူများ နေထိုင်ခဲ့သည့်အဆောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်တာဝန်ရှိသူများက မေးမြန်းစစ်ဆေးမှုများ မကြာခဏခေါ်ယူ လုပ်ဆောင်နေကြောင်း၊ အလားတူ ဒိုက်ဦးထောင်နှင့် မြင်းခြံထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ ဖိနှပ်မှုများ၊ တင်းကြပ်ချုပ်ချယ်မှုများ ပိုမိုပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီက အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ပြီးခဲ့သည့် မေလ ၁၈ ရက်က တောင်ငူအကျဉ်းထောင် အထူးတရားရုံးတွင် ရုံးထုတ်စဉ် လုံခြုံရေးယူနေသော တပ်ဖွဲ့ဝင်များထံမှ သေနတ်များ လုယူပစ်ခတ်၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

တောင်ငူအကျဉ်းထောင်မှ ထွက်ပြေးသွားသူများအနက် ၃ဦးကို စစ်ကောင်စီက ညတွင်းချင်း ပြန်လည်ဖမ်းမိခဲ့ပြီး ကျန် ၇ဦးမှာ လွတ်မြောက် နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

#တောင်ငူထောင် #နိုင်ကျည်းများထွက်ပြေးပြီးနောက် #အကျဉ်းထောင်အများစုတွင် #နိုင်ငံရေးအကျဉ်းသားများကို #ပိုမိုဖိနှိပ်နေ #Ayeyarwaddy_Times