ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်
ယခုရက်ပိုင်းအတွင်း အမျိုးသားရေးနှင့် မဘသအဖွဲ့ ဦးဆောင်သူအချို့သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ၎င်းတို့လုံခြုံ ရေးအတွက် စိုးရိမ်နေပြီး စစ်ကောင်စီကို ထောက်ခံရကျိုးမနပ်ဘဲ စိတ်ပျက်နေကြကြောင်း တပ်ထောက်ခံသည့် မဘသအသိုင်း အဝိုင်းမှ သိရသည်။
သတ်ခံရသူများမှာ အမျိုးသားရေးအဖွဲ့များ၏ ခေါင်း ဆောင်ပိုင်းများဖြစ်သောကြောင့် ကျန်အဖွဲ့၀င်များမှာ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေပြီး စစ်တပ်ထဲတွင် သွားရောက်နေထိုင်သူများနှင့် နေပြည် တော်အတွင်း သွားရောက်ခိုလှုံနေထိုင်သူများရှိကြောင်း သိရသည်။
“လုံခြုံရေးအတွက် စစ်တပ်ကိုအကူအညီတောင်းကြ သေးတယ်။ လှည့်တောင်မကြည့်ပါဘူး။ တပ်ထောက်ခံပွဲဆို အရှေ့ဆုံးကပါ၀င်ခဲ့တဲ့သူတွေပါ ခုသေတဲ့သူ တွေက။ ခုလည်း ဘာမှမလုပ်ပေးဘူး။ ကြာတော့ စိတ် ပျက်လာပြီ။ အားပေးထောက်ခံရကျိုးတောင်မနပ်တော့ဘူးပေါ့ဗျာ။ အဖွဲ့၀င်တွေအနေနဲ့ ကိုယ့်ဘာသာအန္တရာယ်ကို ရင်ဆိုင်နေကြရတာ”ဟု အမျိုးသားရေး လှုပ်ရှားသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် အမျိုးသားရေးလှုပ်ရှားသူ မဘသအဖွဲ့တည်ထောင်သူများထဲတွင်ပါ၀င်သည့် ဦးတင့်လွင် သည် လက်ဖင်ရည်ဆိုင်၌ ထမင်းကြော်ထိုင်စားနေစဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပြီး ယခု မေ ၃၀ ရက် နေ့ ညပိုင်းအချိန်တွင် ယင်းတို့အဖွဲ့၀င်ဖြစ်သူ စစ်တပ် ထိပ်သီးခေါင်းဆောင်များနှင့် ပတ်သက်မှုရှိသည့် ဒေါ်လီလီနိုင်ကျော်ဆိုသူလည်း နေအိမ်ရှေ့၌ပင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ နှစ်ဦးဆက်တိုက် ပစ်သတ်ခံရပြီးနောက် အမျိုးသားရေးလှုပ်ရှားသူများနှင့် မဘသအဖွဲ့၀င်များ ကြား စိုးရိမ်ထိတ်လန့် နေကြပြီး စစ်တပ်ထံ လုံခြုံရေးပေးရန်နှင့် ခိုလှုံရန်တောင်းဆိုမှုများရှိပြီး လက်တုံ့ပြန် ရေးအတွက် လက်နက်တောင်းဆိုမှုများရှိကြောင်း သိရသည်။
မဘသအဖွဲ့၀င်တစ်ဦးကလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “တော်တော်ကိုစောက်သုံးမကျတဲ့ စစ် တပ်ပါ။ ခုလိုကိုယ့်လူတွေ လုပ်ခံနေရတာကိုလည်း ကြည့်နေနိုင်တယ်။ အကြမ်းဖက်နေတဲ့လူတွေရဲ့ မိသားစု၀င်တွေ လိုက်ဖမ်းပါလား။ ခုချိန်အချင်းချင်း သွေးစည်းဖို့လိုအပ်တယ်။ သွေးကိုသွေးချင်းတုံ့ပြန်ကြဖို့အချိန်ရောက်လာပြီ”ဟု ရေးသားထားသည်ကို တွေရသည်။
ထို့အပြင် စစ်တပ်ထောက်ခံ စစ်တပ်လော်ဘီတယ်လီ ဂရမ်ချန်နယ်များတွင်လည်း ဦးတင့်လွင်နှင့် ဒေါ်လီလီနိုင်ကျော် အသတ်ခံရမှုနှင့်ပတ်သက်ပြီး NLD ပါတီ၀င် မိသားစုများ၊ NUG ၀န်ကြီး မိသားစုဆွေမျိုးများ၊ တော်လှန်ရေးတွင် ပါ၀င်သည့်သူများ၏ မိဘဆွေမျိုး မိသားစု၀င်များကို လက်တုံ့ပြန်သတ်ဖြတ်ရန် လှုံဆော်ရေးသားမှုများလည်း ပြုလုပ်နေကြသည်။
စစ်ကောင်စီမှ လက်နက်များလိုင်စင်နှင့် ပါမစ်များဖြင့် ကိုင်ဆောင်ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသော် လည်း အောက်ခြေ၀န်ထမ်းများနှင့် စစ်တပ်ထောက်ခံ သူအချို့ကို လက်နက်များချပေးခြင်းမရှိကြောင်းနှင့် လက်နက်ဖိုးမပေးနိုင်ခြင်းကြောင့် မပေးခြင်းဖြစ် သည်ဟု သိရသည်။
#မဘသ #အမျိုးသားရေး #တင့်လွင် #လီလီနိုင်ကျော် #ပစ်ခတ်ခံရ #သေဆုံး
#Ayeyarwaddy_Times