ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်
စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်က အမျိုးသမီး တပ်ဖွဲ့ဝင်တစ်ဦးဟာ မေလ ၃၀ ရက်နေ့က ကျည်ဆံ ရှင်းရင်းပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းက သိရပါတယ်။
ကျည်ဆံရှင်းရင်းပေါက်ကွဲမှုဖြစ်လို့ သေဆုံးခဲ့တဲ့သူဟာ စစ်ကောင်စီလေတပ်မှာ တပ်ကြပ်အဆင့်ရှိသူ မအိဖြူခိုင်ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
” အသက် ၃၀ ဝန်းကျင်ပဲရှိအုံးမယ်၊ မနေ့က ကျည်ရှင်းနေတုန်း မတော်တဆမှုဖြစ်သွားတာ၊ တပ်ထဲမှာ ဖြစ်သွားတာ၊ အပြင်ကသတင်းတွေလို့ တိုက်ခိုက်ခံရတာမျိုးတော့မဟုတ်ပါဘူး”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကျည်ရှင်းရင်း ပေါက်ကွဲလို့သေဆုံးခဲ့တဲ့ မအိဖြူခိုင်ဟာ တိုက်ပွဲဖြစ်ရာ ဒေသတွေကို သွားရောက်တိုက်ခိုက်ပြီး ပြန်လာတဲ့ လေယာဥ်ကို ကျည်ရှင်းချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ပြောဆိုမှုတွေရှိနေပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်းခြင်း မရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ အညာဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ အရပ်သားပြည်သူတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေတာကြောင့် ဒါဟာ ပြည်သူ့ကျိမ်စာ ဆူးတာလည်းဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
#မိတ္ထီလာလေတပ်က #အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦး #ကျည်ဆံရှင်းရင်း #ပေါက်ကွဲလို့သေဆုံး
#Ayeyarwaddy_Times