ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၃၁ ရက်

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ စစ်ကောင်စီတပ် အခြေစိုက် တပ်ရင်း နှစ်ခုကို နှစ်ပတ်အတွင်း သုံးကြိမ်တိုင်သွားရောက်တိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များထံက သိရသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ မှ မေလ၂၉ ရက် နေ့ အထိ စစ်ကောင်စီတပ် အခြေစိုက် တပ်ရင်း နှစ်ခုကို သွားရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးထက်မနည်း သေဆုံးခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

” ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၁၆ ရက် နဲ့ မေလ ၂၀ ရက်မှာ ကလိန်အောင် မြို့အခြေစိုက် ခမရ (၄၀၉)၊ ခမရ(၄၁၀) တပ်ရင်း အတွင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ။ တပ်ရင်း အတွင်းပိုင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးသူမှုတွေ ရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ခမရ(၄၁၀) တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများကို ထားဝယ်မြို့ ကုတင် (၁၀၀) ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် တာဝန်ရှိသူက ဆိုသည်။

ထို့နောက် မေလ ၂၉ ရက် နံနက် ၅ နာရီ ခန့်တွင် ကလိန်အောင် အခြေစိုက် ခမရ(၄၀၉) နှင့် ခမရ(၄၁၀) တပ်ရင်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက လက်နက်ငယ်များဖြင့် ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ထံက သိရသည်။

“ကျွန်တော်တို့ အဖွဲ့တွေက လက်ဦးမှုရယူပြီး သွားပစ်တာ။ သူတို့ စစ်ကူလာတဲ့ အချိန်မှာပဲ ကျွန်တော်တို့ ပူးပေါင်းတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ အဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု အခြေအနေ ကိုမူ သိရှိရခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယင်းပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောက်ရှပ်ရွာ မှ ဒေသခံရွာသား ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးကာ ရွာသားအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူများကို ဆက်လက်၍ရိုက်နှက် စစ်ဆေးနေကြောင်း ဒေသခံများထံက သိရသည်။

ကလိန်အောင်မြို့ အနီး ရေး – ထားဝယ် ကားလမ်းမပေါ်တွင် တည်ရှိသည့် ကျောက်ရှပ်ရွာသည် စစ်ကောင်စီ၏ ခမရ(၄၀၈)၊ ခမရ(၄၀၉)၊ ခမရ(၄၁၀) တို့ အခြေစိုက်ရာနေရာဖြစ်ပြီး ယခုလက်ရှိတွင် ကျောက်ရှပ်ရွာအနီးတဝိုက်ကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#တနင်္သာရီတိုင်း #ကလိန်အောင်မြို့ #စစ်ကောင်စီတပ်ရင်း၂ခု #၃ကြိမ်တိုက်ခိုက် #၃ဦးသေ #Ayeyarwaddy_Times