ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မေလ ၃၁ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ နွားသိုးတဲတိုက်အနီးတွင် ပြီးခဲ့သည့် မေလ ၂၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ပဲခူးရိုးမအတွင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF (ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁) က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ တပ်မ ၆၆ တပ်ရင်းမှ နှစ်ပွင့်ဗိုလ် တစ်ဦးသည် နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Bago Region PDF ထံက သိရသည်။

“စစ်ကောင်စီတပ်တွေက ပဲခူးရိုးမထဲကို ခဏခဏ စစ်ကြောင်းထိုးတာတွေရှိတယ်။ ပေါင်းတည်ဘက်မှာလည်း စစ်ကြောင်းထိုးလိုက် ပြန်ထွက်သွားလိုက်နဲ့ စစ်ကြောင်းထိုးပြ တာမျိုးတွေရှိတယ်။ ရှေ့တစ်ခေါက်ကလည်း စစ်ကြောင်းထိုးသေးတယ်။ အခုကအသစ် နောက်ထပ်ရောက်လာတာ” ဟု ပဲခူးတိုင်း PDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်

တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် တပ်မ (၆၆) မှ အဆိုပါစစ်ဗိုလ်၏ ရုပ်အလောင်းကို မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်မှာ တပ်မ (၆၆) တပ်ရင်းထဲသို့ ပြန်လည်ယူဆောင်သွားကြောင်း Bago Region PDF ထံက သိရသည်။

ပေါင်းတည်တွင် မေလ ၁၃ ရက်နေ့ကလည်း ဘန့်ဘွေးကန်ရွာ အရှေ့ဘက် ပဲခူးရိုးမပေါ် လမ်းတစ်လျှောက်ရှိ ယာယီတဲများကို စစ်ကောင်စီတပ်က မီးရှို့စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သား နှစ် ဦးသေဆုံးကာ ငါး ဦးဒဏ်ရာရခဲ့ကြောင်း Bago Region PDF ထုတ်ပြန်ထားသည်။

တပ်မ (၆၆) မှ အဆိုပါစစ်ဗိုလ်သေဆုံးခဲ့ခြင်းအပေါ် ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ဓာတ်ပုံ – Bago Region PDF

#ပေါင်းတည် #PDF #စစ်ကောင်စီ #စစ်ကြောင်းထိုး #စစ်ကောင်စီတပ်ဗိုလ် #သေဆုံး #BagoRegionPDF #Ayeyarwaddy_Times