နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)/မေလ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ ၊ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ဓားမဆိုင်းတပ်ရင်း (၂၈) သည် ယမန်နေ့ မေလ ၃၀ရက်နေ့ ညပိုင်းက လက်လုပ် လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက် ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံက သိရသည်။

ယမန်နေ့ ည ၉ နာရီခန့်က စတင်၍ လက်လုပ်လက်နက်ကြီး စုစုပေါင်း အလုံး ၂၀ ကို အချိန် ၁ နာရီကျော်ကြာ ပစ်ခတ်ခဲ့ရာ ရဲစခန်းအတွင်းသို့ ၁၀ လုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က ၄၀-မမ၊ ၆၀-မမ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တယ်။ ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ ခဲ့တယ်။ ထိခိုက်ပျက်စီးတွေ ရှိမယ်” ဟု ဓားမဆိုင်းတပ်ရင်း (၂၈) ခေါင်းဆောင် ဗိုလ်စွမ်းသူမောင် က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) တပ်ခွဲ-၂ မှ ဦးဆောင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ မြို့မရဲစခန်းတွင် စစ်ကောင်စီတပ်များ စခန်းအထိုင်ချ၍ မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းနေပြီး တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် လူအင်အား၊ လက်နက်အင်အား မျှတမှုမရှိသောကြောင့် စစ်ကောင်စီတပ် ကုန်ဆုံးသည်အထိ ပြောက်ကျားစနစ်ဖြင့် ဆက်လတ်တိုက်ခိုက် သွားမည်ဟု ဆိုထားသည်။

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့မရဲစခန်း #လက်လုပ်လက်နက်ကြီး #တိုက်ခိုက် #ဓားမဆိုင်းတပ်ရင်း #Ayeyarwaddy_Times