ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ မေလ ၃၁ ရက်
တနင်င်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်- ကံပေါက်သွား လမ်းမပေါ်၌ ကံပေါက် မောရဝတီရေတပ်ဌာနချုပ်မှ စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံများက ဆိုသည်။
မေလ ၃၁ ရက် ယနေ့ နံနက် ၆ နာရီခန့်အချိန်က ကံပေါက်ဖက်မှလာသော ရေ တပ်ကားငယ်တစ်စီးသည် ပြောင်ပုပ်တောင်အနီး မိုင်းဆွဲတိုက် ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီကားငယ်မှာက စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ခန့်ပါလာတယ်။ကင်းလှည့် လာရင်းနဲ့မိုင်းဆွဲခံရတယ်။ပေါက်ကွဲတဲ့အသံကတော့ တော်တော်ကျယ်တယ်”ဟု ကံပေါက်ဒေသခံဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး၊ အများအပြား အပြင်းအထန် ဒဏ်ရာရသွားကြောင်း ဒေသခံအချို့က ဆိုသည်။
သေဆုံးသွားသည့် စစ်သား ၂ ဦး၏ အလောင်းများ နှင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် စစ်သားများကို ကံပေါက် မောရဝတီရေတပ်ဌာနချုပ် စစ်ဆေးရုံသို့ စစ်ကား ဖြင့် တင်သွား ကြောင်း သိရသည်။
ယင်း အပြင် မိုင်းဆွဲမှုကြောင့် ပျက်စီးသွားသော စစ်ကားကို လည်းနောက်ထပ်ကားတစ်စီးနဲ့ လာဆွဲသွားကြောင်း ဒေသခံများက ပြောသည်။
မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ စစ်ကား သုံးစီးရောက်လာပြီး တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ မိုင်းဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းကပြုလုပ်သည်ကို သတင်းထုတ်ပြန်မှုများ မရှိသေးပေ။
မေလ ၁၆ ရက်နေ့ မှ မေ ၂၉ ရက်နေ့ အတွင်း ကလိန်အောင် အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ (၄၀၉)၊ခမရ ( ၄၁၀) တပ်ရင်းတို့ ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ သုံးကြိမ် ပစ်ခတ်တိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား သုံး ဦး သေဆုံးခဲ့သည်။
ဓာတ်ပုံ-မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကံပေါက်ပြောင်ပုတ်တောင် လမ်းပိုင်း
#Ayeyarwaddy_Times