နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ အမှတ်(၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၀ ) စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးအပါအဝင် သုံး ဦး သေဆုံးပြီး လေး ဦး ဒဏ်ရာရရှိကာ လက်နက်ငယ်တစ်လက် သိမ်းဆည်းရခဲ့ကြောင်း PRA –Magway စစ်ဦးစီးချုပ် ဟာကြူလီထံက သိရသည်။
အဆိုပါစစ်ကြောင်းသည် စေတုတ္တရာမြို့တောင်ဘက် ၁၃ ကီလိုမီတာအကွာရှိ မဏ္ဍပ်ကိုင်းကျေးရွာအနီးတွင် မေလ ၂၃ ရက်၊ နေ့လယ် ၁၁ နာရီခန့်က ကင်းလှည့်နေစဉ် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – Magway) နှင့် Z – Fighter အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီရွာမှာတော့ စစ်ကောင်စီ တပ်စွဲထားတာတော့ မဟုတ်ပါဘူး။ အဲဒီနားမှာရှိတဲ့ ကင်ပုန်းခြုံဆိုတဲ့ရွာမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။ အဲဒီကနေပြီး လှည့်ကင်း ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကျွန်တော်တို့ ခြုံခိုတိုက်ခိုက်တာဖြစ်ပါတယ်။ အရာရှိအဆင့်တွေပါတယ်လို့လည်း ပြောတာတော့ ရှိပါတယ်” ဟု စစ်ဦးစီးချုပ် ဟာကြူလီက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုတွင် ဗိုလ်အဆင့်ရှိသူ တစ် ဦး ပါဝင်သည်ဟု ကြားသိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း တပ်ကြပ်ကြီး နှစ် ဦး သေဆုံးသည်ကိုမူ သတင်းအချက်အလက် ခိုင်ခိုင်မာမာရရှိခဲ့ကြောင်း PRA – Magway ထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – Magway) မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PRA – Magway က မေလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
“ထုတ်ပြန်ချက်ထဲမှာ ပြောထားသလိုပဲ၊ကျွန်တော်တို့ ရဲဘော်တစ်ဦး ကျဆုံးတာရှိတယ်။ တစ်ဦးက အပြင်းအထန်ဒဏ်ရာရတယ်။ အဲဒီရဲဘော်ကို အချိန်မီကုသနိုင်ရေး၊ အန္တရာယ် ကင်းတဲ့ နေရာတွေကို ဆုတ်ခွာနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရတာကြောင့် အခုမှသာ ကျွန်တော်တို့ ထုတ်ပြန်ရတာ ဖြစ်ပါတယ်” ဟု PRA –Magway စစ်ဦးစီးချုပ် ဟာကြူလီက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က စေတုတ္တရာမြို့၊ ငဖဲလမ်းကို ပိတ်ဆို့ထားပြီး တော်လှန်ရေးတပ်များ အများစုရှိနိုင်မည်ဟု ယူဆရသည့် နေရာများကို လိုက်လံ ရှာဖွေနေပြီး ကျေးရွာများမှ ဒေသခံများကိုလည်း သွားလာခွင့်ပိတ်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ ထိုနေ့တွင်ပင် စေတုတ္တရာမြို့နယ်၊ ကျွန်းတောလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းအား Rocket များဖြင့် မင်းဘူးခရိုင်တပ်ရင်း (၁)၊ PDF စလင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို မဟာမိတ်အဖွဲ့များမှ ညှိနှိုင်းဆွေးနွေး၍ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသ လွတ်မြောက်ရေးအတွက် မဟာဗျူဟာမြောက် တပြိုင်နက် တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသ လွတ်မြောက်ရေး နှင့်တန်းတူညီမျှမှုရှိသော လူ့ဘောင်အသစ်ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဟု PRA –Magway က ဆိုထားသည်။
ဓာတ်ပုံ – PRA –Magway
#မကွေးတိုင်း #စေတုတ္တရာ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #တပ်ကြပ်ကြီးအပါ၃ဦးသေ
#Ayeyarwaddy_Times