နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး) /မေလ ၃၁ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဓားမဆိုင်းတပ်မတော် တပ်ရင်(၂၈)ထံ အမျိုးသား ညီညွတ်ရေးအစိုးရက မောင်းပြန် ရိုင်ဖယ်သေနက် ငါး လက်နှင့် ကျည်ဆံ ၅၀၀ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သေနတ် ငါးလက်၊ ကျည်ဆံ ၅၀၀၊ ကျည်ဘောက် ၁၀ ခုသည် ယမန်နေ့ မေလ ၃၀ ရက် နံနက်ပိုင်းက ဓားမဆိုင်းတပ်မတော်ထံ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များထံက သိရသည်။
“အရမ်းလည်းကျေးဇူးတင်ရပါတယ်၊တကယ့်မြေပြင်မှာ တော်လှန်ရေးအတွက်အသက်တွေ ပေးပြီး ပုံစံအမျိုးမျိုးနဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့အချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ MOD က အသိအမှတ်ပြုပြီး လက်နက်တွေပေးလို့ အရမ်းကို ဝမ်းသာရပါတယ်” ဟု ဓားမဆိုင်းတပ်မတော်ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓားမဆိုင်းတပ်မတော်သည် အာဏာသိမ်းချိန်ကတည်းက စတင်၍ စစ်ကောင်စီကို ရရာလက်နက်ကိုစွဲကိုင်ကာ တော်လှန်နေပြီး ဆားလင်းကြီးနယ်တွင် အားထားရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဆားလင်းကြီး ဒေသခံများက ဆိုသည်။
ဓားမဆိုင်းတပ်မတော်၏ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိ အချိန်အထိ မြေပြင်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
#ဓားမဆိုင်းတပ်မတော် #အမျိုးသားညီညွတ်ရေးအစိုးရ #မောင်းပြန်သေနတ် #၅လက် #ကျည်ဆံ၅၀၀ပေးအပ် #Ayeyarwady_Times