ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မေလ ၂၈ ရက် ညနေ ၅ နာရီခန့်က ဒေသခံ ခြောက်ဦးထက်မနည်းကို PDF နှင့် ပတ်သတ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စိန်တောင်ကျေးရွာ၊ စောပြာကျေးရွာ၊ ကျောင်းကွင်းကျေးရွာ၊ ကွင်းကြီးကျေးရွာနှင့် လဲခုံကြီးကျေးရွာများက ဒေသခံများကို PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်ကားတွေနဲ့ ဝင်လာတယ်။ စီမံချက်နဲ့ဖမ်းတယ် ဆိုပြီးဖမ်းတာ။ အတော်များများပါသွားကြတာကို မြင်လိုက်ရတယ်။ တချို့ကတော့ သူတို့ဖမ်းချင်တဲ့ သူကိုမတွေ့လို့ သူတို့ရဲ့မိသားစုဝင်တွေကို ဖမ်းသွားတယ်” ဟု လေးမျက်နှာမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံရသည့် ဒေသခံများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက သိရှိရခြင်းမရှိသလို ယခုအချိန်ထိ အဆက်အသွယ်မရရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ငဝန်မြစ်ကူးတံတား အနီး ကင်းပုန်းချထားသည့် ဆိုင်ကယ်မောင်းနှင်လာသည့် ဒေသခံ ရှစ် ဦးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင်း နှစ် ဦးသေဆုံးခဲ့သည်။
ထို့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည့် လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမြင့်၊ ဘိသလွန်အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်နှင့် ကရင်တော့ကျေးရွာ ရာအိမ်မှူးဦးသိန်းဦး တို့ကလည်း ဒေသခံများအပေါ် နေ့စဥ်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
#ဧဂရာ၀တီတိုင်း #လေးမျက်နှာမြို့နယ် #တိုင်းစီမံချက် #PDFစွပ်စွဲ #ဒေသခံ၆ဦး #ဖမ်းဆီး #Ayeyarwaddy_Times