ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ရမ်အောင်လမ်းတွင် နေထိုင်သည့် အမျိုးသားရေးနှင့်မဘသအဖွဲ့၀င် ဒေါ်လီလီနိုင်ကျော် နေအိမ်ရှေ့၌ပင် ယနေ့ မေလ ၃၀ ရက်နေ့ညပိုင်းကသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မဘသအဖွဲ့၀င်များထံမှ သိရသည်။

ယနေ့ည ၇ နာရီအချိန်က ရန်ကင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ရန်အောင်လမ်းတွင်နေထိုင်သည့် ဒေါ်လီလီနိုင်ကျော် မျက်နှာကိုသေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဆေးရုံသို့အရေးပေါ်ပို့ဆောင် ကုသနေရကြောင်း သိရသည်။

“မျက်နှာကိုပစ်သွားတာ။ သေမယ်ထင်တယ်။ ဆေးရုံကိုအရေးပေါ်ပို့ထားတယ်။ သူကအမျိုးသားရေးအဖွဲ့၀င်၊ မဘသတွေပေါ့။ ဆန္ဒပြပွဲ၊ တပ်ထောက်ခံပွဲတွေ ဆို ဦး‌ဆောင်ပြီးလုပ်ခဲ့တာ”ဟု ရန်ကင်းမြို့နယ်နေထိုင် သူအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ပြောသည်။

ဒေါ်လီလီနိုင်ကျော်သည် စစ်တပ်ထောက်ခံ သူတစ်ဦးဖြစ်ပြီး အမျိုးသားရေးလှုပ်ရှားသူ၊ မဘသ အဖွဲ့၀င်တစ်ဦးလည်းဖြစ်ကြောင်းနှင့် စစ်တပ်အရာရှိများနှင့် ရင်းနှီးသူဖြစ်ပြီး တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်အလက်များကို တိုင်ကြားနေသူတစ် ဦးဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များ ထံမှ သိရသည်။

လက်ရှိတွင် ဆေးရုံသို့အရေးပေါ်‌ပို့ဆောင်ထားပြီး သေဆုံးသွားပြီဟုလည်း ပြောဆိုနေကြသလို စိုးရိမ်ရသည့် အ‌ခြေအနေဖြင့် ကုသမှုခံယူနေရသည်ဟု ကြားသိရပြီး ဧရာ၀တီတိုင်းမ်အနေဖြင့် သီးခြား အတည်ပြု၍မရသေးပေ။

အလားတူ ပြီးခဲ့သည့် မေ ၂၆ ရက်နေ့ကလည်း အမျိုးသားရေးကို ဦးဆောင်လှုပ်ရှားသူ မဘသအဖွဲ့၀င် ဦးတင့်လွင်ဆိုသူလည်း မြောက်ဒဂုံမြို့နယ်၌ သေနတ် ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

၎င်းသေဆုံးပြီးနောက် မဘသအဖွဲ့၀င်များနှင့် အမျိုးသားရေးလှုပ်ရှားသူများမှ စစ်ကောင်စီအနေဖြင့် ပြည်သူ့စစ်ဖွဲ့စည်းပေးရန် တောင်းဆိုမှုများရှိခဲ့သည်။
#အမျိုးသားရေး #မဘသ #လီလီနိုင်ကျော် #ပစ်ခတ်ခံရ #Ayeyarwaddy_Times