နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်နှင့် ကွန်ဟိန်းမြို့ကြားတွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး RCSS ၏ တပ်စခန်း လေးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆွေးနွေးပွဲလုပ်ရန် ကမ်းလှမ်းထားကြောင်း SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာ ထံက သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၏ လူကြီးခရီးစဉ်အပါအဝင် စစ်ကြောင်းများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်များက မိုင်းထောင်ခြင်း၊ ဗုံးကွဲခြင်းများနှင့် ချောင်းမြောင်း ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ကြောင်း SSPP ထံက သိရသည်။

“သူတို့(RCSS တပ်ဖွဲ့ဝင်များ)ကိုယ်တိုင် အရပ်ဝတ်ဝတ်ပြီးတော့ မိုင်းထောင်တာလည်း ရှိပါတယ်။ တချို့နေရာကျတော့ ပြည်သူလူထုကို ဓားစာခံအနေနဲ့ ခိုင်းပြီးတော့ မလုပ် မနေရ ဆိုတဲ့အမိန့်နဲ့ သွားပြီးမိုင်းထောင်ခိုင်း တာတွေရှိတယ်။ သက်သေမှတ်တမ်း တွေလည်း ရှိတယ်” ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများအတွင်း RCSS တပ်စခန်း လေးခုထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိထားပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်အချို့ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကာ RCSS တပ်ဖွဲ့ဝင် အနည်းဆုံး နှစ် ဦး သေဆုံးနိုင်ကြောင်း SSPP ထံက သိရသည်။

“တိုက်ပွဲအခြေအနေကျတော့ ကျွန်တော်တို့ အသေးစိတ် မသိရဘူးဗျ။ တိုက်ပွဲအကြီးတော့ မဖြစ်ဘူးဗျ။ စခန်းတွေလည်း ရှေ့တန်းမှာကျတော့ မရှိဘူးလေ။ ရွေ့လျားတပ်စစ်ကြောင်းတွေပဲ ရှိတယ်။ ခေတ္တနားခိုတဲ့ နေရာလို့ ယူဆရတယ်။ မဆုတ်တမ်း စခန်းတွေတော့ မရှိဘူး” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်က ခိုလမ်လမ်း တောင်သုံးလုံးတွင် RCSS နှင့် SSPP တို့ နံနက် ၈ နာရီ ၃၀ မိနစ်မှ ၉ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ RCSS တပ်စခန်းငယ် တစ် ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက ဆိုသည်။

ထို့အပြင် မေလ ၂၅ ရက်ကလည်း ကွန်ဟိန်းနှင့် ဝမ်စိမ်းရွာကြားတွင် အဆိုပါနှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး RCSS တပ်စခန်း တစ် ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း SSPP ၏ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။

“သူတို့(SSPP) အကျယ်ချဲ့ပြီးတော့မှ ပြောတာလို့ ကျွန်တော်တို့ ယူဆတယ်။ တိုက်ပွဲဆိုတာ ရင်ဆိုင်တိုက်ပွဲလား၊ ထိတွေ့တိုက်ပွဲလားဆိုတာ ရှိသေးတယ်လေ။ ရင်ဆိုင်တိုက်ပွဲဆိုရင် နှစ်ဖက်စလုံး ပြင်ဆင်ပြီးမှ တိုက်တဲ့တိုက်ပွဲပါ။ ထိတွေ့တိုက်ပွဲ ကျတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်သူတို့ဘက်မှာလည်း လှုပ်ရှားမှုရှိမယ်၊ ကျွန် တော်တို့ဘက်က ကင်းထောက်တွေ ရှိရင်ရှိမယ်။ တွေ့ပြီးတော့မှပစ်မယ်၊ ပြီးရင် ပြန်ဆုတ်ပြန်ခေါ်မယ်။ အဲလောက်ပဲဆိုရင်တော့ တိုက်ပွဲလို့ ကျွန်တော်တို့ မယူဆဘူးလေ” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ဆိုသည်။

SSPP အနေဖြင့် ယင်းမတိုင်ခင် မေလ ၂၀ ရက်က မြေပြင်အခြေအနေနှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေးရန် RCSS ထံ အကြောင်းကြားခဲ့သော်လည်း တုံ့ပြန်မှုမရှိခဲ့၍ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာ ထံကသိရသည်။

“ဆွေးနွေးပွဲလုပ်ဖို့ ကျွန်တော်တို့ ကမ်းလှမ်းထားတယ်။ လွိုင်လင်၊ နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်းပေါ့နော်။ တောင်ကြီးလမ်းမနဲ့ တာချီလိတ်လမ်းမ ဒီဖက်တစ်ကျောကို ကျွန်တော်တို့နေမယ်။ လမ်းရဲ့ဟိုဖက်ခြမ်းမှာ ခင်ဗျားတို့နေ။ လာပြီးတော့ မိုင်းလည်းမထောင်နဲ့၊ ဗုံးလည်းမကွဲနဲ့ အဲလိုဆိုရင် ကျွန်တော်တို့ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆက်ပြီးတော့ မတိုက်ချင်ဘူးပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

လက်ရှိမြေပြင် အခြေအနေသည် တည်ငြိမ်သော အနေအထားမျိုး မရှိသလို စစ်ရေး တင်းမာသည့် အနေအထားလည်း မဟုတ်သဖြင့် ထိုအနေအထားနှစ်ခု ကြားတွင် ရှိနေကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ပြောသည်။

ဓာတ်ပုံ – SSPP

#ရှမ်းတောင်တိုက်ပွဲ #RCSS #တပ်စခန်း၄ခု #SSPP #သိမ်းပိုက် #ဆွေးနွေးပွဲ #ကမ်းလှမ်း #Ayeyarwaddy_Times