ဧရာဝတီတိုင်းမ်
(ဟားခါး)၊ မေလ ၃၀ ရက်

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြားရှိသီးမစ်ချောင်းအနီးတွင် စစ်ကောင်စီက လေကြောင်းနှင့် ကုန်းကြောင်းတို့ဖြင့် မေ ၂၉ ရက်မှ စတင်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်လာမှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ၉ ဦးကျဆုံးသွားကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)နှင့် ချင်းအမျိုးသားတပ်မတော်(CNA)တို့မှ ရဲဘော် ၉ ဦးကျဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

” အခုဖြစ်ပွားနေတဲ့ ဟားခါး-ထန်တလန်အကြားတိုက်ပွဲနှင့် ပတ်သက်ပြီး ရဲဘော်တွေနဲ့ အဆက်သွယ်အခက်အခဲရှိနေပါတယ်။ ဒါကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ကျဆုံး၊ ဒဏ်ရာရှိမှုအခြေအနေကိုတော့ အတိအကျပြောလို့ မရသေးဘူး။ ထန်တလန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဟားခါးဘက်ကို ဦးတည်နေတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)မှ ​တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မေလ ၂၉ ရက်နေ့၊ နံနက် ၁၁ နာရီကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ တပ်စန်းများကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆလိုင်းဗျက်ကျင်းထန်၊ ဆလိုင်းနောအ၊ ဆလိုင်းဆမူအဲာလ်၊ ဆလိုင်းဗန်ထာလျန်၊ ဆလိုင်းရစ်ချာ၊ ဆလိုင်းငွန်လျန်ဂျိုး၊ ဆလိုင်းထာလျန်ကျုံး၊ ဆလိုင်းကျော်ဦးနှင့် ဆလိုင်းရမ်အုပ်ဂျိုးတို့ ကျဆုံးသွားကြောင်းဒေသသတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့ပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရပြီး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် လက်ရှိသီးမစ်အနီးတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ-ကျဆုံးသွားသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ
#ဟားခါးမြို့နယ် #သီးမစ်အနီး #စစ်ကောင်စီ #လေကြောင်း #ကုန်းကြောင်း #ထိုးစစ်ဆင်တိုက်ခိုက် #ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၉ဦးကျဆုံး
#Ayeyarwaddy_Times