နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/မေလ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတေားကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ဒေသခံများမွေးမြူထားသည့် တိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခဲ့ပြီး အိမ်အတွင်းရှိ အဖိုးတန်ပစ္စည်းများကို ခိုးယူကာ ကျန်ပစ္စည်းများအာ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီ ကြေးနီစီမံကိန်းမှနေ၍ ကြေးနီများ သယ်ဆောင်လာသည့် ကားများကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သည် မေလ ၂၇ ရက်နေ့တွင် ဒုန်းတေားကျေးရွာသို့ သေနက်များ ပစ်ခတ်၍ဝင်ရောက်လာသောကြောင့် ဒေသခံများ မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“စစ်ကြောင်းဝင်လာပြီဆိုတော့ ဘာတစ်ခုမှ မသယ်နိုင်ဘဲ အသက် မနည်း လွတ်အောင်ပြေးကြရတာ။ ရွာမှာ ၂ ရက်နေသွားတယ်။ ဒီကနေ့မနက်(မေလ၃၀ရက်) ရွာကိုပြန်လာတော့ မွေးထားတဲ့ တိရိစ္ဆာန်တွေလည်းမရှိတော့ဘူး။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေလည်း ခိုးသွားကြတယ်။ ကျန်တာတွေကိုလည်းဖျက်ဆီးသွားကြတယ်။ ဘာမှမရှိတော့ဘူး” ဟု အသက် ၄၀ အရွယ်ရှိ ဒုန်းတော ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်၍ ဒေသခံများမွေးမြူထားသည့် တိရိစ္ဆာန်များ၊ ဆန်စပါး၊ ပဲ နှင့် တန်ဖိုးရှိပစ္စည်းများကို ကားများဖြင့် ခိုးယူသယ်ထုတ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-ဒုန်းတောကျေးရွာရှိ ဒေသခံပိုင် ပစ္စည်းများကို စစ်ကောင်စီတပ်က ခိုးယူဖျက်ဆီးထားစဉ်
#ဒုန်းတောကျေးရွာ #စစ်ကောင်စီတပ် #ဝင်ရောက်စီနင်း #ဒေသခံပစ္စည်းများ #ခိုးယူ #Ayeyarwaddy_Times