ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ မေလ ၃၀ ရက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကမ္ဘာအေးရွာအနီးတွင် ယမန်နေ့မေလ ၂၉ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က ဆိုင်ကယ်များတင်ဆောင်လာသည့် ၁၂ ဘီးကားနှင့် ခြောက်ဘီးကား နှစ်စီး အနက် ခြောက်ဘီးကားတစ်စီး မီးရှို့ခံခဲ့ရကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူများထံမှ စစ်ကောင်စီက သိမ်းယူထားသည့် ဆိုင်ကယ်များတင်‌ဆောင်ကာ မော်လမြိုင်ဘက်သို့မောင်းနှင်လာသည့် ကုန်တင်ကား နှစ်စီးအား တော်လှန်ရေးတပ်ဖွဲ့ဝင်များက တားဆီး၍ ခြောက်ဘီးကားကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ပြီး ကားခေါင်းပိုင်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

” ပြည်သူလူထုတွေဆီကနေ စစ်ကောင်စီ ဖမ်းထားတဲ့ဆိုင်ကယ်တွေပါ။ ယာဉ်မောင်းတွေ ကို ပေးဆင်းခိုင်းလိုက်တယ်။ ကားရောလူကိုရော မပစ်ပါဘူး ။ နေပြည်တော်မဟုတ်ရင် အရှေ့တောင်တိုင်း (ရတခ) ကိုပို့မယ်လို့ ထင်ရတယ်” ဟု ရေးမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ကုန်တင်ကားအား တော်လှန်ရေး တပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ယာဉ်မောင်းနှင့်နောက်လိုက်မှာ ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း သထုံမြို့နယ်အတွင်း ၂၂ ဘီးယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရရှိခဲ့ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်းခြင်းဖြစ်သည်ကို သိရှိရခြင်းမရှိပေ။

ဓာတ်ပုံ – CJ
ပုံစာ-မီးရှို့ခံထားရသည်ခြောက်ဘီးကား
#သံဖြူဇရပ် #စစ်ကောင်စီ #ဆိုင်ကယ် #တော်လှန်ရေးတပ်ဖွဲ့ဝင် #ကုန်တင်ကား #မီးရှို့ #Ayeyarwaddy_Times