နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/မေလ ၃၀ ရက်

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို မေလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကပိုင်ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“လေယာဥ်နဲ့ ဗုံးလာကြဲတာ။ ဒေသခံတစ်ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ ကျေးရွာက ကားတွေ နဲ့ လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးတာရှိတယ်။ ဘာမှကို မဖြစ်ဘဲနဲ့ ရွာတွေကို ပစ်မှတ်လို သဘောထားပြီး လေယာဉ်နဲ့ ဗုံးကြဲနေတာ” ဟု အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ကြည်းကြောင်း ၊ လေကြောင်း တို့ဖြင့်ထိုးစစ်ဆင်နေပြီး စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများကိုပါ လေယာဥ်ဖြင့်ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသည်။

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #ကပိုင်ရွာ #စစ်ကောင်စီတပ် #လေကြောင်း #ဗုံးကြဲ #စစ်ရေးပစ်မှတ် #Ayeyarwaddy_Times