ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်

ယခုတစ်ပတ်စားအုန်းဆီရည်ညွှန်းဈေးနှုန်းအဖြစ် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားတစ်ပိဿာလျှင် ကျပ် ၃၉၆၀ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးထက် ကျပ် ၂၀၀၀ကျော် လျော့နည်းနေကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရသည်။

မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားတစ်ပိဿာလျှပ် ကျပ် ၃၉၆၀ သတ်မှတ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယမန်နေ့က သတင်းထုတ်ပြန်သည်။

လူအများစုစားသုံးသည့်စားအုန်းဆီဈေးကွက်တွင် စစ်ကောင်စီသတ်မှတ်ဈေး လက်ကားတစ်ပိဿာလျှင် ကျပ် ၃၉၆၀ သတ်မှတ်လိုက်ချိန်တွင် အပြင်ပေါက်ဈေး လက်ကားတစ်ပိဿာလျှင် ကျပ် ၆၀၀၀ အထိဖြစ်သွားကာ ဆီဈေးအနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်ကစတင်ကာ လက်လီဈေးကွက်အတွင်း စားအုန်းဆီဈေးတစ်ပိဿာကို ကျပ် ၆၅၀၀ ကနေ ကျပ် ၆၀၀၀ အထိအနည်းငယ်လျော့ကျကြောင်း မြို့နေအိမ်ရှင်မ တစ်ဦးက ပြောကြားသည်။

သင်္ကြန်ပြီးချိန်၌ စားအုန်းဆီတစ်ပိဿာလျှင် အပြင်ပေါက်ဈေး ကျပ် ၈၅၀၀ သို့ရောက်ရှိလာပြီး စားအုန်းဆီဈေးပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ပေါ်ရှိကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီသတ်မှတ်ဈေးနှုန်းလျော့ကျလာသဖြင့် ယမန်နေ့က စားအုန်းဆီလက်ကားဝယ်လက်ကြီးများတွင်ပင် စားအုန်းဆီဈေးဖွင့်နိုင်ခြင်းမရှိကြောင်း ညောင်းပင်လေးဈေးအတွင်းရှိ ဆီအရောင်းဆိုင်ရှင်ထံမှ သိရသည်။

ယခင်အပတ် မေလ ၂၂ ရက်မှ ၂၈ ရက်နေ့တွင် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားတစ်ပိဿာလျှင် ကျပ် ၄၁၆၅ ကျပ်ဖြစ်၍ ၂၀၅ ကျပ် ဈေးပြန်ကျလာခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ပြည်တွင်းစားသုံးဆီဈေးနှုန်းများမြင့်တက်ရာတွင် လက်လီစားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈၅၀၀ မှ ကျပ် ၁၀၀၀၀ အထိဈေးမြင့်တက်ခဲ့သည်။

စားသုံးဆီနှင့်ပတ်သက်ပြီး ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။
#စားအုန်းဆီ #ရည်ညွှန်းဈေးအဖြစ် #ကျပ်၃၉၆၀ #သတ်မှတ်ထားပြီး #စျေးကွက်ပေါက်စျေးထက် #ကျပ်၂၀၀၀ကျော်လျော့နည်း
#Ayeyarwaddy_Times