ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသတွင်ဆက်လက်တည်ရှိနေကာ မြစ်ဝကျွန်း ပေါ်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံတဝန်းသို့ဝင်ရောက်ရန်နှေးနေသဖြင့် မုတ်သုံအဝင်နောက်ကျနေကြောင်း မေ ၂၉ ရက်နေ့က လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံတောင်ပိုင်းဒေသသို့မေလ ၂၇ ရက်နေ့တွင် မုတ်သုံလေဝင်ရောက်ပြီးဆက်လက်ရွေ့လျားခြင်း မရှိသောကြောင့် မြန်ဝကျွန်းပေါ်ဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ မေလ ၃၀ ရက်မှ ၃၁ ရက် ပတ်ဝန်းကျင်တွင် မုတ်သုံလေဝင်ရောက်နိုင်ကြောင်း NUG အစိုးရက ခန့်မှန်းထုတ်ပြန်သည်။
“ အနောက်တောင်မုတ်သုံလေဝင်ရောက်မှုကိုအဟန့်အတားဖြစ်စေတဲ့ အနောက်မြောက် လေစီးကြောင်း အားကောင်းပြီး မုတ်သုံကိုဟန့်တားသလို ပစိဖိတ်အနောက်ပိုင်းက တိုင်ဖွန်းမုန်တိုင်းကြီး (မဝါ) အနောက်ဘက်ကိုအားကောင်းကောင်းနဲ့ရွေ့လျားနေတော့ မုတ်သုံကိုအဟန့်အတားဖြစ်စေတယ်” မိုးလေဝသပညာ လေ့လာသူ ဦးဝင်းနိုင် က ခန့်မှန်းပြောဆိုသည်။
ထို့ပြင်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် အနောက်မြောက်လေတိုက်နေ၍ တောင်ဘက်မှာသာမုတ်သုံလေ တန့်နေပြီးအပေါ်ဘက်သို့ရွေ့မလာသေးကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
ယခုနှစ်တွင် အယ်လ်နီညိုရာသီတကျော့ပြန်ဝင်ရောက်နေ၍ မုတ်သုံလေဝင်ရောက်လာမှုကိုအဟန့်အတားဖြစ်စေပြီး မုတ်သုံမိုးရရှိမှုလျော့ကျစေနိုင်ကြောင်း NUG အစိုးရထုတ်ပြန်ချက်အရသိရသည်။
၂၀၂၃ နှစ် အနောက်တောင်မုတ်သုံလေဝင်ရောက်မှုသည် ၂၀၂၂ နှစ်ထက် နှစ်ပတ်ခန့်နောက်ကျနေခြင်း ဖြစ်ကြောင်း ဦးဝင်းနိုင် က ပြောသည်။
ဓာတ်ပုံ – ဦးဝင်းနိုင် Facebook
#မြန်မာတစ်နိုင်ငံလုံးအပေါ် #အနောက်တောင် #မုတ်သုံဝင်ရောက်မှုနောက်ကျ #Ayeyarwaddy_Times