ဧရာဝတီတိုင်းမ်
(ချင်း)၊ မေ ၂၉ ရက်

မီးဇိုးရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများသည် အလုပ်အကိုင်အခက်အခဲများကြောင့် မိသားစုစားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်းစစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။

ယခင်(၂၀၂၁-၂၀၂၂)ခုနှစ်တွင် မြန်မာစစ်ဘေးရှောင်ပြည်သူများကို မီဇိုရမ်အစိုးရနှင့်အလှူရှင်များက ဆန်အိတ်၊ ဆီ၊ ဆားအပါအဝင် အခြားအိမ်သုံးပစ္စည်းများကို မကြာခဏကူညီထောက်ပံ့ခဲ့ပြီး ၂၀၂၃ခုနှစ်၊ နှစ်စပိုင်းမှ စတင်၍ မည်သည့်ကူညီထောက်ပံ့မှုမရရှိတော့ကြောင်းသိရသည်။

” ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ထောက်ပံ့မှုတွေ မရတော့ဘူး။ စစ်ဘေးရှောင်စခန်းကနေ ရရာလုပ်ငန်းတွေကို လုပ်ကိုင်ပေမယ့် အလုပ်အကိုင်လည်း ရှားပါးတဲ့အတွက် နေ့တိုင်းအလုပ်မလုပ်နိုင်ဘူး။ တစ်ပတ်မှာ အလုပ် ၃ ရက်ပျက်ပြီရင် မိသားစုစားဝတ်နေရေးအတွက် အခက်ကြုံနေရပြီ” ဟု လုံးလေစစ်ဘေးရှောင်စခန်းမှ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မြန်မာစစ်ဘေးရှောင်အများစုသည် သက်ဆိုင်ရာဒေသအဖွဲ့အစည်းက ချပေးထားသော စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြပြီ တစ်ချို့စစ်ဘေးရှောင်ပြည်သူများသည် မြို့ထဲတွင် ကိုယ်ထူကိုယ်ထဖြင့် အိမ်ဌားနေထိုင်ကြကြောင်းသိရသည်။

လက်ရှိမီဇိုးရမ်ပြည်နယ်တွင် ဆန်ဈေးအပါအဝင် အခြားကုန်စည်များလည်းဈေးနှုန်းမြင့်တက်နေပြီး စစ်ဘေးရှောင်ပြည်များအတွက် ပိုမိုအကြပ်ရိုက်လာသည်။

” ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းမှာတော့ တစ်ယောက် တစ်ပြည်နှုန်းနဲ့ တစ်လတစ်ကြိမ်ထောက်ပံ့မှုရပေမယ့် မိသားစုအရမ်းများတော့ တစ်ပတ်ပဲ ခံတယ်။ မလောက်ဘူးပေါ့။ အရင်က ဆန်တစ်အိတ်ကို ရူဘီ ၁၃၀၀ ကနေ အခု ၁၇၀၀ အထိ ဈေးမြင့်တက်သွားတော့ ပိုဆိုးတာပေါ့” ဟု ဆိုက်ကာစစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မီဇိုးရမ်ပြည်နယ်တွင် တစ်ရက်လုပ်အားခကို ရူဘီ ၄၀၀ မှ ၅၀၀ အထိသာရပြီး အလုပ်အကိုင်ရှားပါးမှုဒဏ်ကိုလည်း စစ်ဘေးရှောင်ပြည်သူများက ကြုံတွေ့နေကြရသည်။

မြန်မာစစ်ဘေးရှောင်ပြည်သူများသည် မိမိနေရပ်သို့ ပြန်ချင်ကြသော်လည်း နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် နေရပ်မပြန်နိုင်သေးကြောင်းစစ်ဘေးရှောင်ပြည်သူများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က မီဇိုးရမ်ပြည်နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြန်မာစစ်ဘေးရှောင်စခန်းအများအပြားအမိုးလန်ပျက်စီးသွားကြောင်းသိရသည်။

ပုံ – Mizoram၊ Thaizawl စစ်ဘေးရှောင်စခန်း
#မီဇိုးပြည်နယ် #စစ်ဘေးရှောင်ပြည်သူများ #အလုပ်အကိုင်အခက်အခဲ #ထောက်ပံ့မှုမရ #စားဝတ်နေရေးပိုမိုခက်ခဲလာ