ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မေလ ၂၉ ရက်
ကရင်နီပြည်နယ် ရှေ့တန်း တစ်နေရာတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကရင်နီ ဆေးတပ်သား ရဲဘော်၊ ရဲမေ ၄ ဦး မေလ ၂၇ ရက်နေ့က ကျဆုံးခဲ့ကြောင်း သိရသည်။
ကျဆုံးသူများမှာ Medic Unit (Demoso) မှ ဆေးတပ်သား ရဲဘော်၊ ရဲမေများ ဖြစ်သည့် အသက် ၁၇ နှစ်မှ ၂၃ နှစ် အရွယ် Caroline Khine Lin (ကယ်ရိုလိုင်း ခိုင်လင်း)၊ Angela (အိန်ဂျလာ)၊ ဘော့စကို၊ မြထွေး တို့ဖြစ်ပြီး ရှေ့တန်းတွင် ဒဏ်ရာရ ရဲဘော်များအား ဆေးကုသမှု တာဝန် ထမ်းဆောင်နေစဉ် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု (KRU) က ထုတ်ပြန်ထားသည်။
Dove KK အဖွဲ့၏ Founder တစ်ဦးကလည်း “ဒီကလေးတွေက Dove kk ကနေ ပို့ချခဲ့တဲ့ ဆေးသင်တန်းကို တက်ရောက် ခဲ့ပြီး တိုက်ပွဲတိုင်းမှာ ရဲဘော်တွေနဲ့ အတူတူ Red zone ထိ ဒဏ်ရာရ ရဲဘော်တွေကို ကယ်ပေးနေတဲ့ သတ္တိရှိတဲ့ ကလေးတွေပါ။ ၃ လတာကြာပြီ ဖြစ်တဲ့ ပင်လောင်း-ဖယ်ခုံ စစ်မျက်နှာ ဘက်မှာလည်း ရဲဘော်တွေနဲ့အတူ နောက်ပြန် မဆုတ်ဘဲ သူတို့အဖွဲ့က အခုထိ ရှိပေးခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
အဆိုပါ ရဲဘော်၊ ရဲမေများ ကျဆုံးရခြင်းမှာ စစ်ကောင်စီကို ပြန်လည်ခုခံရင်း ဆေးကုသမှု တာဝန်များအား ဆောင်ရွက် နေသည့် ဆေးအထိုင်တပ် စခန်းကို လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဖြစ်ပြီး မေလ ၂၈ ရက် နေ့တွင် ဈာပန အခမ်းအနား ကျင်းပခဲ့ကြောင်းလည်း Karenni Revolution Union ထုတ်ပြန်ချက်အရ သိရသည်။
“အဓိကတော့ လေကြောင်းရန် ပါ။ တိကျမူတွေ ရှိလာတဲ့ လေကြောင်းရန်ကြောင့် PDF အပါအဝင် ပြည်သူများလည်း အရင်ထက် ပိုဂရုစိုက်ရပါမယ်။ ကျွန်တော်တို့ကလည်း ပြန်လည်တုံ့ပြန်နိုင်တဲ့ အခြေဖြစ်နိုင်အောင် ကြိုးစားသွားပါမယ်။” ဟု KRUပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျဆုံးခဲ့သည့် ဆေးတပ်သား ၄ ဦးမှာ ရှေ့တန်း မြေပြင်မှာလည်း အရေးပေါ်ကုသရန် လိုအပ်နေသည့် ရဲဘော်များကို ဆေးကုသမှုပေးနေး သလို နောက်တန်း စစ်ရှောင်စခန်းများတွင်လည်း လိုအပ်သလို ကူပေးနေကြောင်းသိရပြီး ယခင်ကလည်းဆေးအထိုင်နေရာတစ်ချို့ကို စစ်ကောင်စီမှ သတင်းရပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် မဟာမိတ်ဆေးအဖွဲ့က ဆေးအဖွဲ့ဝင်တွေ ကျဆုံးမှုများရှိခဲ့ကြောင်း Dove KK တာဝန်ရှိသူထံက သိရသည်။
Dove KK အဖွဲ့သည် ဆရာဝန်များ၊ သူနာပြုများ နှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ကရင်နီ ပြည်နယ် အတွင်း ဆေး အထောက်အကူ ပြုနေသည့် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။
ယခုကဲ့သို့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဘက်မှ ဆေးတပ်သားများမှာ စစ်ကောင်စီ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ကျဆုံး ခဲ့ရသော်လည်း မေလ ၂၃ ရက်နေ့က ကရင်နီ ရှေ့တန်း တစ်နေရာတွင် ဖမ်းဆီးမိခဲ့သည့် စစ်ကောင်စီ စစ်သုံ့ပန်း တစ်ဦးအား Free Burma Ranger (ကရင်နီ) အဖွဲ့က လူသားချင်းစာနာသည့် အနေနဖြင့် ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။
#စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှုကြောင့် #တော်လှန်ရေး #ရဲဘော်များကို #ဆေးကုသပေးနေသည့် #ကရင်နီဆေးတပ်သား၄ဦးကျဆုံး#Ayeyarwaddy_Times