နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၂၉ ရက်

လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပတ်သက်၍ လူမှုကွန်ရက် (Facebook) မှတဆင့် ဝေဖန်ပြောဆိုခဲ့သည့် ဟစ်ဟော့စ် အဆိုတော် ဗျူဟာ (ခ) မင်းအုပ်မြန်မာကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယနေ့မေလ ၂၉ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ – က ဖြင့် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်ကာ ချုပ်မိန့် ရမန်ယူခဲ့ကြောင်း သိရသည်။

တေးရေး နိုင်မြန်မာ၏ သားဖြစ်သူ အဆိုတော်ဗျူဟာ (ခ) မင်းအုပ်မြန်မာကို ၎င်း၏ နေအိမ်ဖြစ်သည့် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗထူးအိမ်ရာတွင် ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး မြောက်ဒဂုံရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။ အဆိုတော်ဗျူဟာကို ယနေ့တွင် ချုပ်မိန့် ရမန်ရယူခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစစ်ဆေးချိန်က ရရှိခဲ့သော ဒဏ်ရာအနည်းငယ် ရှိကြောင်း မိသားစု၀င်နှင့်နီးစပ်သူထံက သိရသည်။

“အခုဗျူဟာက ပြောဆိုသုံးနှုန်းလိုက်တဲ့ ကိစ္စတွေမှာ စစ်ကောင်စီကို ဂုဏ်ပျက်စေတဲ့၊ ထိခိုက်နစ်နာစေတဲ့ အသုံးအနှုန်းစကားလုံး ပါနေပေမယ့် ပြည်သူတစ်ရပ်လုံး ခံစားနေ ရတဲ့ ခံစားမှုတွေ၊ အမှောင်ထဲမှာ ကျရောက်နေတဲ့ ပြည်သူတွေရဲ့ဘဝကို တိတိကျကျ မီးမောင်းထိုးပြလိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ စိတ်ခံစားမှုနဲ့ယှဉ်တဲ့ ပြင်းထန်တဲ့ အသုံးအနှုန်းတွေကြောင့် စစ်ကောင်စီအနေနဲ့ မခံမရပ်နိုင်ဖြစ်ပြီးတော့ အခုလို ဖမ်းဆီးတယ်လို့ ကျွန်တော်တော့ ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုတော်ဗျူဟာ (ခ) မင်းအုပ်မြန်မာသည် ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် “ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတမ်းနဲ့ပေးတာတောင် ေ-ာက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ ကောင်တွေကို မီးပျက်လို့ဆဲတယ်ကွာ” ဟု ပြောဆိုခဲ့သည့်အတွက် စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးက ဖမ်းဆီးအရေးယူရန် ပို့စ်တင်ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။

စစ်ကောင်စီက ရန်ကုန်မြို လျှပ်စစ်မီးကို အုပ်စုခွဲ၍ ၄ နာရီမီးပေး ၄ နာရီမီးဖြတ်စနစ်ဖြင့် ပေးသည်ဟု ကြေညာထားသော်လည်း ကြေညာထားသည့်အတိုင်း လျှစ်စစ်မီးရရှိမှု မရှိ၍ မြိုနေပြည်သူများမှာ အခက်ကြုံလျှက်ရှိသည်။

“စစ်ကောင်စီကတော့ သူတို့ဒီလိုလုပ်ပြလိုက်ခြင်းအားဖြင့် ပြည်သူတွေက သူတို့ရဲ့ခံစားမှု တွေကို လူမှုကွန်ရက်(Facebook) စာမျက်နှာတွေပေါ်မှာ ဖော်ထုတ်ပြီးတော့ ဝေဖန်တာတွေ မလုပ်ရဲအောင်၊ မပြောရဲမဆိုရဲအောင် ခြောက်လှန့် အချက်ပေးလိုက်တဲ့ ခေါင်းလောင်းသံဖြစ်တယ်လို့ ယူဆပါတယ်။ ဆိုးဝါးတဲ့ အာဏာရှင် အုပ်ချုပ်ရေး စနစ်အောက်မှာ တည်ရှိနေမှုကို စာရင်းဇယား ချလိုက်လို့ရှိရင်တော့ မြောက်ကိုရီးယား ပြီးလို့ရှိရင် ကျွန်တော်တို့ မြန်မာပြည်လို့ ပြောရမယ့်အနေအထားပါ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

“၎င်းတို့အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် အဆိုတော်ဗျူဟာကို တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်” ဟု စစ်ကောင်စီက ယနေ့ထုတ် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြခဲ့သည်။

“နိုင်ငံတကာက သူ့(စစ်ကောင်စီ)ကို အသိအမှတ်ပြုမှုကို ရရှိစေချင်တဲ့အတွက် ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ စကားလုံးတွေ ပြောပေ မယ့် သူရဲ့လက်တွေ့ ဖော်ပြချက်ကတော့ အခုအတိုင်းပဲ။ သူ့ကို ထိခိုက်စေတဲ့၊ ပျက်ရယ်ပြုတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းပြောဆို လာရင်တော့ အချိန်မရွေး ဖမ်းဆီး မှုတွေ လုပ်မယ်ဆိုတာကို ပြည်သူလူထုကို ပြလိုက်တာပဲ ဖြစ်တယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံအား မြောက်ကိုရီးယားလို အာဏာရှင်နိုင်ငံ ဖြစ်တည်လာအောင် ကြိုးစားနေပြီး လက်ရှိတွင် မြောက်ကိုရီးယား အခြေအနေကို ရောက်ရှိရန် လက်တစ်လုံးသာ လိုတော့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောသည်။

“ဆိုလိုတာကတော့ မြောက်ကိုရီးယားက ဗြောင်အာဏာရှင်စနစ် ကျင့်သုံးတယ်။ အခုစစ်ကောင်စီက တစ်ဖက်က ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး စတဲ့စကားလုံးတွေနဲ့ သူ့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ပြီး ပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးစားနေ တာသာဖြစ်တယ်။ အတွင်းသဘောကတော့ မြောက်ကိုရီးယား အာဏာရှင်တွေနဲ့ ဘာမှမထူးခြားဘူးလို့ သုံးသပ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

#အဆိုတော်ဗျူဟာ #၅၀၅က #ဖမ်းဆီးအမှုဖွင့် #စစ်ကောင်စီ #မခံရပ်နိုင် #Ayeyarwaddy_Times