ဧရာဝတီတိုင်းမ်
မေလ ၂၉ ရက်

မေလ ၃၁ ရက်နဲ့ ဇွန်လ ၁၁ ရက်ကြား ဂြိုဟ်တုတစ်လုံး လွှတ်တင်မယ်လို့ မြောက်ကိုရီးယားက ဂျပန်ကို အကြောင်းကြားပြီးနောက် ပိုင်နက်နယ်မြေအတွင်း ဝင်ရောက်လာတဲ့ မြောက်ကိုရီးယားရဲ့ ဘယ်လိုဒုံးကျည်မျိုး ကိုမဆို ဖျက်ဆီးပစ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ပထမဆုံးသော စစ်ဘက်သူလျှိုဂြိုဟ်တု တည်ဆောက်မှုပြီးစီးကာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ် တင်ဖို့ အပြီးသတ်ပြင်ဆင်မှုတွေကို ခေါင်းဆောင် ကင်ဂျုံအန်က အတည်ပြုခဲ့တယ်လို့ နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။

စစ်ဘက်ဂြိုဟ်တုက မြောက်ကိုရီးယားနိုင်ငံရဲ့ စောင့်ကြည့်ရေးစွမ်းရည်နဲ့ စစ်ပွဲဖြစ်ပွားပါက ပစ်မှတ်တွေ ကို တိုက်ခိုက်နိုင်တဲ့စွမ်းဆောင်ရည် တိုးတက်လာစေမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားဒုံးကျည်တွေကို ဖျက်ဆီးရာမှာ SM-3 ဒုံးကျည် သို့မဟုတ် ပက်ထရီးယော့ဒုံးကျည်ကို အသုံးပြုမယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ဒုံးကျည်နဲ့ လက်နက်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

“မြောက်ကိုရီးယားက လွှတ်တင်မယ့် စစ်ဘက်ဂြိုဟ်တုက ဂျပန်နိုင်ငံ ပိုင်နက်နယ်မြေကို ဖြတ်သန်းသွား ဖွယ်ရှိပါတယ်” လို့အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟီရိုကာဇူမတ်ဆူနိုက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြော ကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုး ဖောက်မှုဖြစ်လာလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ဒုံးကျည်ပစ်လွှတ်မှုမပြုလုပ်ဖို့ ကျွန်တော်တို့ မြောက်ကိုရီးယားနိုင်ငံကို အပြင်းအထန် တိုက်တွန်းပါ တယ်။ မြောက်ကိုရီးယားနိုင်ငံ ဒုံးကျည်မပစ်လွှတ်ရေး အမေရိကန်၊ တောင်ကိုရီးယားတို့လို သက်ဆိုင်ရာနိုင်ငံတွေ နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်”
လို့ ဝန်ကြီးချုပ်ရုံးက အစောပိုင်းမှာ တွစ်တာလူမှုကွန်ရက်မှာရေးသားခဲ့ ပါတယ်။

ကိုးကား- CNA
Ref; Japan aims to destroy any North Korean missile after it warns of satellite launch