ဧရာဝတီတိုင်းမ်
မေလ ၂၉ ရက်

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီးနောက် ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

သေနတ်နှင့်ပစ်သတ်ခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး ဦးကျော်ဝင်းသည် အမှတ် (၃) ရပ်ကွက်တွင် နေထိုင်ပြီးမေလ ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်က အမှတ်(၁)ရပ်ကွက် ဆည်ရေပေးသည့် မြောင်းအနီးတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မဲဇလီကုန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း၊ စသည့်လမ်းတစ်လျောက်တွင် မြန်အောင် ခြေလျင်တပ်ရင်း (၅၁) မှ စစ်ကောင်စီတပ်သားများက စစ်ကားများဖြင့် ကင်းလှည့်စစ်ဆေးနေကြောင်း ဒေသခံများကပြောသည်။

“အဲ့ဒီအုပ်ကြီးသေတဲ့ကိစ္စနဲ့ပတ်သက်ပြီး လမ်းတစ်လျောက်အစစ်အဆေးတွေအရမ်းကြမ်းနေတယ်။ဖုန်းထဲရှိတဲ့ပုံတွေ အရမ်းစစ်ဆေးတယ်၊ လက်မှာ ဒေါ်အောင်ဆန်းစုကြည်တက်တူးတို့၊ နွေဦးတော်လှန်ရေးတက်တူးပါတာတွေစစ်ဆေးတယ်။ စစ်ကားတွေနဲ့လည်း တောက်လျောက်ပတ်နေကြတယ်” ဟု မဲဇလီကုန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်၀င်း အသတ်ခံရမှုနှင့်ပတ်သက်၍ အင်္ဂပူမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းများဘက်မှ သတင်းတစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ထို့အပြင် ဧရာ၀တီတိုင်းတွင် ၂၀၂၃ ခုနှစ်မတ်လမှစ၍ ယခင်ခန့်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တာ၀န်ကရုတ်သိမ်းပြီးနောက် ကြံခိုင်ရေးပါတီဝင်နှင့် စစ်တပ်ထောက်ခံသူများ ကို အစားထိုးခန့်အပ်ခဲ့ပြီး ယနေ့ထိ အသစ်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး အသတ်ခံမှု အရေအတွက်မှာ သုံးလအတွင်း လေးဦးအထိရှိလာပြီ ဖြစ်သည်။

#မဲဇလီကုန်းမြို့ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရပြီးနောက် #ဖုန်းနှင့်တက်တူး #ထိုးထားသူများကို #တင်းတင်းကြပ်ကြပ် #ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေ

#Ayeyarwaddy_Times