ဧရာဝတီတိုင်းမ်
မေလ ၂၉ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ကလေးများကို ကျောင်းထားရန် အဆင့်သင့် မဖြစ်သေးသော်လည်း ရခိုင်ရှိ ကျောင်းများကို ဇွန်လအတွင်း ဖွင့်လှစ်မည်ဟု စစ်ကောင်ခန့် ပညာရေးမှူးက ဆိုထားပြီး စစ်ကောင်စီတပ် တိုင်းမှူးက ဇွန်လကုန်တွင် ဖွင့်လှစ်မည်ဟု ဆိုထားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ လျှပ်စစ်မီးများ ပြတ်တောက်နေပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ စျေးဆိုင်ခန်းများနှင့် အခြား အဆောက်အဦးများစွာ ထိခိုက်ပျက်စီးလျှက်ရှိသည်။ ထိုသို့ ထိခိုက်၍ အပျက်အစီး အများစုကို ပြင်ဆင်နိုင်ခြင်း မရှိသော်လည်း ကျောင်းများကို မဖြစ်မနေ ဖွင့်လှစ်နိုင်ရန် တွန်းအားပေးနေကြောင်း ရခိုင်ဒေသခံ ကျောင်းသားမိဘများ ထံကသိရသည်။

“ ကျွန်တော်မှာ စတုတ္ထတန်းတက်ရမယ့်သားရှိတယ်။ စစ်ကောင်စီက ကျောင်းဖွင့် မှာမလို့ ကျောင်းဝတ်စုံနဲ့စာအုပ်တွေပေးပေမယ့် မလုံလောက်လို့ ကလေးတွေ မဲနှိုက်ယူရတယ်။ ကျွန်တော့်သားက မဲနှိုက်တာမပေါက်လို့ ငိုတယ်။ ရွာမှာက မူလတန်းအထိပဲရှိတာ။ ကျောင်းတက်ဖို့က မလွယ်သေးဘူး “ ဟု ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာမှ ဦးစံထွန်းကျော် က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က ရခိုင်ရှိ စာသင်ကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသော်လည်း စစ်ကောင်စီတပ်၏ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးက အခြေခံပညာကျောင်းများကို ဇွန်လကုန်တွင် ဖွင့်လှစ်မည်ဟု မေလ ၂၇ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဆိုထားပြန်သည်။

စစ်ကောင်စီခန့် ပညာရေးမှူးနှင့် စစ်ကောင်စီ၏ တိုင်းမှူတို့က ထိုကဲ့သို ပြောဆိုလျှက်ရှိသော်လည်း ဒေသများကမူ ၎င်းတို့၏ နေအိမ်များပြိုကျပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးပေ။

ထို့ပြင် မိဘအများစုကမူ ကလေးများ ကိုကျောင်းထားနိုင်ခြင်း မရှိသလို စာရေး ကရိယာများ ဝယ်ယူရန်ခက်ခဲပြီး ကျောင်းဝတ်စုံ၊ စာအုပ်ဖိုးအစရှိသည့် ကုန်ကျစရိတ်များကိုလည်း မတတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် မူလတန်းကျောင်းများ၏ ခေါင်းမိုး အားလုံးအမိုးလန် ပျက်စီးကာ တချို့ကျောင်း ဆောင်များပြိုကျသွား၍ ကျောင်းဖွင့်နိုင်ရန်အဆင်မပြေသဖြင့် စစ်ကောင်စီက အမိုးလန် နေသည့် ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ခေါင်မိုးမိုးကာ ကျောင်းတက်စေရန် ပြင်ဆင်နေကြောင်း ဦးစံထွန်းကျော် က ဆိုသည်။

ရခိုင်ပြည်နယ်တွင် အထက်တန်းကျောင်း ၄၈၇ ကျောင်း၊ အလယ်တန်းအဆင့်၊ အလက(ခွဲ)၊ မူလွန်ကျောင်း ၁,၁၇၁ ကျောင်းနှင့် မူလတန်းကျောင်း ၁,၅၃၅ ကျောင်း အပါအဝင် စုစုပေါင်း ၃,၁၉၃ ကျောင်းရှိကြောင်း စစ်ကောင်စီစာရင်း များအရသိရသည်။
ဓာတ်ပုံ – ဒေသခံတစ်ဦးပေးပို့
#ရခိုင်ပြည်နယ် #အခြေပညာကျောင်း #အချိန်မီဖွင်လှစ် #စစ်ကောင်စီခန့်ပညာရေးမှူး #တိုင်းမှူးထင်လတ်ဦး #Ayeyarwaddy_Times